Thursday, March 26, 2015

မာန်အောင်ကျွန်းတွင် ရေတပ်မှ စစ်ရေးလေ့ကျင့်မည်ဖြစ်၍ ငါးဖမ်းလှေများ ကန့်သတ်

ကေဇူး

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းတွင် တပ်မတော် (ရေ) ၏ စစ်ရေယာဉ်များ ခြောက်ရက်တာ လေ့ကျင့်ပစ်ခတ်မည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းသို့ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သောကြောင့် မာန်အောင်ကျွန်းအနောက်ဘက် ငါးမိုင်ပတ်လည်တွင် ငါးဖမ်းရေယာဉ်များ အပါအဝင်မည်သည့် ယာဉ်မှ ဖြတ်သန်းသွားလာခွင့် မပြုရန်လည်း ထုတ်ပြန်ထားသည်။

ထို့ပြင် လေယာဉ်များလည်း အမြင့်ပေ တစ်သောင်းငါးထောင်အောက် ပျံသန်းခြင်း မပြုရန် တားမြစ်ထားသည်။

"သာမာန် လေ့ကျင့်တာပါ၊ မှားယွင်းမှုမရှိအောင် ကြိုတင်သတိပေးထားတာ ဖြစ်ပါတယ်" ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

ဧရိယာမှ ငါးမိုင်ပတ်လည်အား သင်္ဘောကြီး၊ ငယ်များ၊ ကုန်တင်ကုန်ချ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ၊ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ၊ ချထားခြင်း မရှိစေရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

လေ့ကျင့်ခန်း ဧရိယာမှာ ငါးမိုင် ကျယ်ဝန်းမည်ဖြစ်ပြီး နေရာလေးခု ခွဲ၍ လေ့ကျင့်မည် ဖြစ်သည်။

No comments: