Wednesday, March 18, 2015

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းကာလ မဆလ ပါတီဝင်တို့အား နိုင်ငံရေးပင်စင် မပေးနိုင်ကြောင်း သမ္မတ အကြောင်းပြန်

စိုးသန်းလင်း

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ အမြုတေပါတီ ကာလနှင့် ပြည်သူ့ ပါတီကာလ တာဝန်ထမ်းဆောင်ခဲ့သောမြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီမှ ပုဂ္ဂိုလ်များအတွက် နိုင်ငံရေး ပင်စင်ခံစားခွင့်ကို တည်ဆဲနိုင်ငံရေးပင်စင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ပေး၍ မရပါကြောင်း နိုင်ငံတော် သမ္မတရုံးက လွှတ်တော်သို့ အကြောင်းပြန်ခဲ့သည်။

“တပ်မတော်မှ အာဏာအရပ်ရပ်ကို ရယူသည့်အချိန်မှစ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဥပဒေအမှတ် ၈/၈၈ စကားရပ်များ အစားထိုးသည့်ဥပဒေ၊ နိုင်ငံတော် အေးချမ်းဖြိုး ကောင်စီ၏ ဥပဒေအမှတ် ၁/၉၇ စကားရပ်များ အစားထိုးသည့် ဥပဒေ၊ ဥပဒေအမှတ် ၁၁/၂၀၁၁ စကားရပ်များ အစားထိုးသည့်ဥပဒေတို့ အရလည်းကောင်း စကားရပ်အစားထိုးသော အဖွဲ့အစည်းများ တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မပါဝင်ခြင်းနှင့် နဝတအဖွဲ့၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် အမှတ် ၂/၈၈ ဖြင့် နဝတအဖွဲ့ သည် ၁၉၇၄ နိုင်ငံတော်ကို ဦးဆောင်သော မဆလပါတီအား ကာကွယ်သည့် ဥပဒေ( ၁၉၇၄ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်-၁၇)ကို ပယ်ဖျက်ခြင်းတို့ကြောင့် နိုင်ငံရေးပင်စင်ခံစားခွင့် ထောက်ခံတင်ပြရမည့် မဆလပါတီ အဖွဲ့အစည်း မရှိတော့ ပါသဖြင့် နိုင်ငံရေးအဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များအား နိုင်ငံရေးပင်စင်ဥပဒေနှင့်အညီ ခံစားခွင့်များ ဆက်လက်ဆောင်ရွက် မပေးနိုင်ခြင်းဖြစ်ပါသည်” ဟု နိုင်ငံတော် သမ္မတရုံး၏ ပြန်ကြားစာ အပိုဒ် (၃) တွင် ဖော်ပြပါရှိသည်။

နိုင်ငံရေး ပင်စင်ဥပဒေသည် တည်ဆဲဥပဒေတစ်ရပ် ဖြစ်သော်လည်း ပုဒ်မ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ တို့ ကို ဆောင်ရွက်နိုင်ရေးအတွက် ဖျက်သိမ်းပြီးသော မဆလပါတီအစား ဌာန/ အဖွဲ့ အစည်း တစ်ရပ်ရပ်အား သတ်မှတ်တာဝန်ပေးအပ်ကြောင်း ပြင်ဆင်ပြဋ္ဌာန်းထားခြင်း မရှိသောကြောင့် မဆလပါတီမှ ပုဂ္ဂိုလ်များအတွက် နိုင်ငံရေးပင်စင်ခံစားခွင့်ကို ဆက်လက်ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်းလည်း အဆိုပါ အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

ကျောက်ကြီးမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဆွေဝင်း၏ “တည်ဆဲနိုင်ငံရေးပင်စင် ဥပဒေနှင့်အညီ နိုင်ငံရေး ပင်စင်ခံစားခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို ၂၀၁၅ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်က ဆုံးဖြတ်အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ခဲ့ရာ သမ္မတရုံးက ယခုကဲ့သို့ စာပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပင်စင်များနှင့် ပတ်သက်ပြီး တပ်မတော်က အာဏာမသိမ်းမီ မဆလပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ဆုံးဖြတ်ချက်၊ ထောက်ခံချက်များဖြင့် မဆလပါတီမှ ပုဂ္ဂိုလ်များအတွက် ၁-၁၁-၁၉၈၀ မှ ၁၈-၉-၁၉၈၈ နေ့အထိ ပါတီနိုင်ငံရေး လစဉ်ပင်စင် ၇၅၆ ဦး၊ ဇနီး-ခင်ပွန်း နိုင်ငံရေး လစဉ်ပင်စင် ၂၁၂ ဦးနှင့် နိုင်ငံရေးဆုငွေ ၆၆၀ ဦးတို့အား ခံစားခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းလည်း သမ္မတ၏ ပြန်ကြားစာတွင် ဖော်ပြထားသည်။

No comments: