Sunday, March 1, 2015

ဖရဲသီးများအောက်တွင် ၀ှက်ယူလာသည့် တမလန်းသစ်လုံးများကို မူဆယ်လမ်းကြောင်းတွင် ဖမ်းဆီးရမိ

သီဟကိုကို

ဖရဲသီများအောက်တွင် သိုဝှက်သယ်ဆောင်လာသည့် တမလန်းသစ်အမျိုးအစားဟု ယူဆရသည့် သစ်လုံးတင်မော်တော်ယာဉ်များကို ဖမ်းဆီးရမိခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁၇ ရက်၌ နောင်ချိုအခြေပြု တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ရွေ့လျားအဖွဲ့ (Mobile Team) မှ မန္တလေး-မူဆယ် လမ်းကြောင်းတွင် ဖရဲသီးများတင်ဆောင်လာသည့် Nissan Diesel ၁ဝ ဘီးယာဉ်ကို စစ်ဆေးစဉ် ဖရဲသီးများအောက်တွင် သိုဝှက်သယ်ဆောင်လာသည့် တမလန်းသစ်ဟု ယူဆရသည့် သစ်လုံးများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖရဲသီးများအောက်တွင် တမ လန်းသစ်များ သိုဝှက်သယ်ဆောင်လာသည့် မော်တော်ယာဉ်ကို အသေးစိတ်စစ်ဆေးစဉ် မော်တော်ယာဉ်မောင်းမှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၇ ရက်တွင်ပင် မန္တလေး- မူဆယ်လမ်းကြောင်း၌ ဖရဲသီးများ တင်ဆောင်လာသည့် Nissan Diesel ခြောက်ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးစဉ်တွင် တမလန်း ဟုယူဆရသည့် သစ်လုံးများကို စစ်ဆေး တွေ့ရှိခဲ့သေးသည်။

တစ်ဖက်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးများအောက်တွင် သိုဝှက်သယ်ဆောင်လာသည့် တမလန်းသစ်ဟု ယူဆရသည့် သစ်လုံးများတင်ဆောင်လာသည့် ယာဉ်များကို သိမ်းဆည်းထားပြီး အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ကာ မြို့နယ်သစ်တောဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့ကို အပ်နှံသွားမည်ဖြစ်သည်။

ဇန်နဝါရီလတွင်လည်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းရှိ Mobile Team မှ ပြည်ထောင်စုလမ်းမကြီး အေးရှားဝေါလ် တိုးဂိတ်အနီးတွင် မသင်္ကာဖွယ် မှန်လုံယာဉ်တစ်စီးကို စစ်ဆေးရာ တရားမဝင်သယ် ဆောင်လာသည့် ကျွန်းခွဲသား၊ ပိတောက်ခွဲသားများကို ဖမ်းဆီးရမိခဲ့သည်။

No comments: