နိုင်နိုင်ဇော်
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ပြည်နယ် လမ်းတံတား အသုံးပြုခ မဲစနစ်ဖြင့် လေလံလုပ်ပိုင်ခွင့်များ ချထားပေးရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်နယ်အင်ဂျင်နီယာမှူးကြီးရုံး တာဝန်ရှိသူများက ပြောသည်။
ပည်နယ်အတွင်းရှိ လမ်းတံတားများအနက် အစိုးရအင်ဂျင်နီယာမှူးရုံးက ကြီးကြပ်သည့်ဂိတ်များကိုသာ လုပ်ပိုင်ခွင့် ချထားပေးခြင်းဖြစ်ပြီး ကုမ္ပဏီများက ဖောက်လုပ်သည့် လမ်းတံတားများကို ဆိုင်ရာကုမ္ပဏီကသာ စီစဉ်လုပ်ကိုင်သည်ဟု မွန်ပြည်နယ် အင်ဂျင်နီယာမှူးကြီးရုံး ဦးစီးအရာရှိ ဦးသန်းဦးက ဆိုသည်။
“လမ်းတံတားကြေးကောက်ခံဂိတ် လေလံပေးတာမှာ အစိုးရက နဂိုကတည်းက လမ်းတံတား ဖောက်လုပ်ပိုင်ခွင့် ပေးထားတဲ့ ကုမ္ပဏီကြီးတွေက ဂိတ်တွေမပါဘူး။ အဲဒီဂိတ်တွေက နဂိုပုဂ္ဂလိက ကုမ္ပဏီတွေက တင်ဒါခေါ်လုပ်ကိုင်ကြတယ်။ ကျွန်တော်တို့တွေက အစိုးရလမ်းတံတားတွေအတွက်ပဲ လေလံခေါ်ပေးတာပါ’’ ဟု ၎င်းက ရှင်းပြသည်။
လမ်းတံတားကြေး ကောက်ခံရာတွင် ဆိုင်ရာအင်ဂျင်နီယာရုံးများက ဘဏ္ဍာနှစ်တစ်နှစ်စာအတွက် တန်ကြေး သတ်မှတ်ထားပြီး လေလံ ဝင်ရောက်လုပ်ကိုင်မည့်သူများကို မဲဖောက်လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်သည်။ တင်ဒါစိတ်ဝင်စားကြေး အဖြစ် ကျပ်သိန်း ၃၀၀ အောက်၊ လမ်းတံတားဂိတ်အတွက် ကျပ်ငွေတစ်သိန်း သတ်မှတ်ပြီး ကျပ်သိန်း ၃၀၀ ကျော်ပါက စိတ်ဝင်စားကြေး ကျပ်နှစ်သိန်းပေးသွင်းရသည်ဟု တင်ဒါပုံစံကို ၎င်းက ထပ်မံရှင်းပြသည်။
တစ်နှစ်စာလုပ်ပိုင်ခွင့်အတွက် မဲပေါက်သည့် ကုမ္ပဏီက မြန်မာ့စီးပွားရေးဘဏ်တွင် သတ်မှတ်ထားသည့် တင်ဒါကြေး အပြည့်ပေးသွင်းရပြီး အကြောင်းတစ်စုံတစ်ရာကြောင့် ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိပါက ပေးသွင်းထားသည့် ငွေပြန်လည် ရရှိမည် မဟုတ်ဟုလည်း တင်ဒါကြီးကြပ်ရေး ကော်မတီက ပြောသည်။
လက်ရှိအချိန်တွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် မွန်ပြည်နယ်အတွင်းရှိ လမ်းတံတားဂိတ် ခြောက်ခု၊ ရှမ်းပြည်နယ် အတွင်းရှိ လမ်းတံတားဂိတ် ၁၇ ခု၊ ကရင်ပြည်နယ်အတွင်းရှိ လမ်းတံတား ၁၀ ဂိတ်တို့ကို မဲစနစ်ဖြင့် လေလံလုပ်ပိုင်ခွင့် ပေးရန် ပြည်နယ် အင်ဂျင်နီယာမှူးကြီးရုံးများက ထုတ်ပြန်ထားသည်။
No comments:
Post a Comment