Monday, March 23, 2015

အစိုးရငွေတိုက်စာချုပ် ဈေးပြိုင်လေလံစနစ်ဖြင့် ထုတ်ရောင်းချမှု ကျပ်ငွေ ၂၀၀ ဘီလီယံအထိရှိနေ

နိုင်နိုင်ဇော်

အစိုးရ ငွေတိုက် စာချုပ်များအား အီလတ်ထရောနစ် စနစ်ဖြင့် ဈေးပြိုင်လေလံတင်ရောင်းချသည့် Treasury Bill Auction ရောင်းချမှုမှာ ကျပ်ငွေ ၂၀၀ ဘီလီယံအထိ ရရှိသွားပြီဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ယင်းစနစ်အား ၂၀၁၅ ဇန်နဝါရီလအစပိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုမတ်လ လယ်ပိုင်းအထိ လေလံလေးကြိမ် ရောင်းချထားပြီးဟု ပြည်ထောင်စု ဝန်ကြီးက ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့တွင် ပြောဆိုခြင်း ဖြစ်သည်။

“Treasury Bill Auction လေလံတင်ရောင်းချတာကို ၂၀၁၅ ဇန်နဝါရီလလောက်မှပဲ စတင်နိုင်ခဲ့တာပါ။ ယနေ့ အထိ Auction လေးခုအထိ ပြီးသွားပါပြီ။ ရောင်းချငွေက ကျပ် ၂၀၀ ဘီလီယံမှာ အောင်မြင်တဲ့ အတိုးနှုန်းက ၈ ရာခိုင်နှုန်းနဲ့ ၈ ဒသမ ၁၅ ရာခိုင်နှုန်းနဲ့ပေးပါတယ်” ဟုပြည်ထောင်စု ဝန်ကြီးက ပြောသည်။

အစိုးရ၏ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အစိုးရငွေတိုက်စာချုပ်များ ထုတ်ရောင်းပေးလျက်ရှိသော်လည်း Treasury Bill Auction နှင့် Treasury Bond ဟူ၍ ကွဲလွဲကြောင်း ဝန်ကြီးက ရှင်းလင်းပြောဆိုသည်။

လက်ရှိအစိုးရငွေတိုက်စာချုပ် Bill များအား အများပြည်သူသို့ ထုတ်ရောင်းချပေးနေပြီး Bond များအား ပုဂ္ဂလိက အဖွဲ့အစည်းများကိုသာထုတ်ရောင်းချကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောသည်။

Bill ငွေတိုက်စာချုပ်အား ပြည်သူတစ်ဦးချင်း ထုတ်ရောင်းရာတွင် စာချုပ်တစ်ခုတန်ကြေးအား ကျပ်တစ်သောင်း၊ ကျပ်တစ်သိန်း၊ ကျပ်တစ်သန်း၊ကျပ်ဆယ်သန်းဖြင့် ရောင်းချပေးပြီး၊ စာချုပ်သက်တမ်းကိုလည်း နှစ်နှစ် (အတိုး နှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ သုံးနှစ်(၈ ဒသမ ၇၅ ရာခိုင်နှုန်း)၊ငါးနှစ် ( ၉ ရာခိုင်နှုန်း) အသီးသီးသတ်မှတ်ထားပြီး၊ ခြောက်လတစ်ကြိမ် အတိုးထုတ်ပေးခြင်း ဖြစ်သည်။

ထို့အတူ Bond ငွေတိုက်စာချုပ်အား ပုဂ္ဂလိက အသင်းအဖွဲ့၊ ကုမ္ပဏီအား ရောင်းချရာတွင် စာချုပ်တန်ကြေး တူညီသော်လည်း စာချုပ်သက်တမ်းလေးလသာပေးပြီး တစ်နှစ်လုံးစာအတိုးနှုန်းအား လေးရာခိုင်နှုန်းသာ ပေးအပ်နေသည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာက တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

လက်ရှိထုတ်ရောင်းသည့် ကျပ်ငွေ ၂၀၀ ဘီလီယံတွင် Bill ငွေတိုက်စာချုပ်ရောင်းရမှုမှာ ကျပ်ငွေ ၉၀ ဘီလီယံ အထိ ပါဝင်သည်ဟုပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောဆိုသွားသည်။

No comments: