Saturday, March 21, 2015

သုံးလအရွယ် ကလေးငယ်ကိုပါ မချန် လူသတ်မှု လှည်းကူးတွင် ဖြစ်ပွား

ကျော်စိုးမိုး

တစ်ရွာတည်းတွင် အိမ်နီးချင်း မိသားစုနှစ်ခုကြား စကားများရာမှ သုံးလအရွယ် ကလေးငယ် အပါအဝင် မိသားစုလေးဦးကို ထင်းခုတ်ဓားမနှင့် ခုတ်သတ်မှု တစ်ခုကို မတ်လ ၁၅ ရက် ည ၇ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ်၊ မရမ်းချောင်းအုပ်စု၊ သုံးဆယ်ကျေးရွာဖြစ်ပွားခဲ့ကြောင်း ဖောင်ကြီးနယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ အချင်းများသတ်ဖြတ်မှုကြောင့် တစ်ဘက်မိသားစုမှ ကလေးငယ်အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူလျက် ရှိကြောင်း ၎င်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ခြံချင်းကပ်လျက်နေထိုင်သည့် ဦးညွန့်တင်မိသားစုနှင့် ဒေါ်ပေါက်စတို့မိသားစု နှစ်စုတို့သည် စကားများရန်ဖြစ်ကြရာမှ ဦးညွန့်တင်၏သားဖြစ်သူ ဇော်လင်းက ထင်းခုတ်ဓားမနှင့်ခုတ်ပြီး ၎င်း၏ အစ်ကို သုံးဦးကလည်း ပါဝင်ခဲ့သဖြင့် ဒေါ်ပေါက်စ၊ အသက် ၁၈ နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် ၃ လခန့်အရွယ် မြေးတို့ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သမက်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်း ဖြစ်သည်။

ဖောင်ကြီးနယ်မြေရဲစခန်းက ရဲအရာရှိက "ကျူးလွန်တဲ့အိမ်ဘက်က ညီအစ်ကို လေးယောက်စလုံးကို စခန်းမှာ ဖမ်းဆီးစစ်ဆေးနေ ပါတယ်။ ဆေးရုံရောက်နေတဲ့သူရဲ့အခြေအနေကလည်း အသက်အန္တရာယ် စိုးရိမ်ရပါတယ်" ဟု မတ် ၁၆ ရက်၊ ညနေပိုင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဇော်လင်းအပါအဝင် ညီအစ်ကိုလေးဦးကို ဖောင်ကြီးနယ်မြေရဲစခန်းက (ပ) ၂၈/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

No comments: