ထက်ထက်အောင်
မြန်မာနိုင်ငံတွင် လေကြောင်းလိုင်းများ အရေအတွက်မှာ အခြားနိုင်ငံများနှင့် ယှဉ်လျှင် များနေသောကြောင့် တိကျသော မူဝါဒ ချမှတ်သင့်သည်ဟု လေကြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးတိုက်အောင်က မတ်၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဒုတိယအကြိမ် မြန်မာ့လေကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံ ဒုတိယနေ့ကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့ပြီး ယင်းညီလာခံတွင် ပြောခဲ့ခြင်း ဖြစ်သည်။
ဦးတိုက်အောင်က ” တိုးတက်ပြီးသားနိုင်ငံတွေတောင် လေကြောင်းလိုင်းက အများဆုံး လေးခု လောက်ပဲ ရှိတယ်။ ဒီမှာက ဆယ်ခုကျော်နေတယ်။ ဘယ်လေကြောင်းလိုင်းက လေယာဉ်ဘယ် လောက်ရှိရမယ်ဆိုတဲ့ တိကျတဲ့ပေါ်လစီ မရှိသလို ဘယ်သူကမှလည်း အကြံပေးမှု မရှိသေးဘူး” ဟု ဆိုသည်။
လေကြောင်းများလိုင်း စတင်ချထားပေးစဉ်ကတည်းက ဘတ်ဂျက် အခြေအနေ၊ ဘတ်ဂျတ်ရရှိသည့် ရင်းမြစ်၊ ထပ်မံချဲ့ထွင်နိုင်သည့် ဘတ်ဂျတ်ရှိ မရှိ စသည့်အခြေအနေများကို စိစစ်ပြီးမှသာ လေကြောင်းလိုင်းများကို ချထားပေးသင့်ကြောင်း ၎င်းက ဆိုသည်။
ယင်းကဲ့သို့ လေကြောင်းလိုင်းများ များပြားနေခြင်းအပေါ် ကမ္ဘောဇလေကြောင်းလိုင်းမှ အမှုဆောင်အရာရှိ ဦးမိုးဆန်းအောင်က“ ခရီးသည် တိုးလာရင် ရှိပြီးသားလေကြောင်းလိုင်းကိုပဲ လေယာဉ် အရေအတွက် ထပ်တိုးဖို့ လုပ်ဆောင်သင့်တာ။ အခုက လေယာဉ်တစ်စင်း၊ နှစ်စင်းနဲ့လည်း လေကြောင်းလိုင်း ထောင်နေကြတာရှိတာပဲ။ ဒါမျိုးက သူ့အတွက်လည်း အဆင်မပြေ၊ နိုင်ငံအတွက်လည်း အဆင်မပြေ။ လေဆိပ်ထဲမှာ ကားတွေ၊ လူတွေ များပြီးရှုပ်တာပဲ အဖတ်တင်မယ်” ဟု ဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် ပြည်တွင်း ပြည်ပ ပြေးဆွဲသော လေကြောင်းလိုင်း စုစုပေါင်း ၂၅ ခုခန့် ရှိနေပြီး ပြည်တွင်းပိုင် လေကြောင်းလိုင်း ငါးခုခန့် ရှိသည်။
No comments:
Post a Comment