Monday, March 2, 2015

ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းနိုင်မည့် ပြဋ္ဌာန်းချက်အသစ်များ တင်ပြ

ပိုင်စိုး

မတ် ၁၊ ၂၀၁၅ ယာဉ်၊ လမ်းစည်းကမ်း မလိုက်နာတာတွေကို ထိထိရောက်ရောက်တားဆီးနိုင်ဖို့ အတွက် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းတဲ့ အထိ အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက် အသစ်တွေ ဖြစ်လာဖို့ ပြင်ဆင်နေတယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

ယာဉ်မောင်းလိုင်စင်အရ ခွင့်ပြုထားတဲ့ ယာဉ်မဟုတ်ပဲ မောင်းနှင်တာ အပါအ၀င် အချက် ၅ ခုကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို တင်ပြထားတာပါ။

ဒုတိယ ရဲမှူး ၀င်းလွင်က “(ခ) လိုင်စင်ရထားတဲ့သူက (ဂ) လိုင်စင်ရှိမှ မောင်းရမယ့် ယာဉ်ကို မောင်းနှင်တာမျိုးပါ။ ဒါက ကျနော်တို့ရဲ့ မြေပြင်တွေ့ကြုံရတာတွေကို တင်ပြတာပါ။ နည်းဥပဒေ ပြဋ္ဌာန်းဖို့အတွက်ကတော့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေအရ လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက် ၁၄ ခု ရှိနေတာပါ။

“မီးအချက်ပြ မလိုက်နာတာ၊ မော်တော်ယာဉ် တည်ဆောက်မှု ကွဲလွဲတာစတဲ့ အချက် ၁၄ ချက်နဲ့က အရင်ကတည်းက လိုင်စင် ပိတ်သိမ်းတဲ့အထိ အရေးယူခဲ့တာပါ။ ခုကတော့ လိုအပ်လို့ ထပ်တိုးနိုင်ဖို့ အချက်တွေကို တင်ပြထားတာပေါ့” လို့ ဒုတိယ ရဲမှူး ၀င်းလွင်က ပြောပါတယ်။

စည်းကမ်းဖောက်ဖျက်မှု တော်တော်များများကို ဒဏ်ငွေ ၁၅၀၀ ကျပ်ပဲ ပေးဆောင်ရတဲ့အတွက် တစ်ချို့ အချက်တွေကိုတော့ လိုင်စင်ပိတ်သိမ်းနိုင်တဲ့အထိ အရေးယူနိုင်ဖို့ ပြင်ဆင် ဆောင်ရွက် နေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း ယာဉ်တိုက်မှုပေါင်း ၃၀၀ လောက် ဖြစ်ခဲ့ပါတယ်။ အခု ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာတော့ ယာဉ်မတော်တဆမှု ၄၀ ကျော်ဖြစ်ပွားပြီး ၈ ဦး သေဆုံးခဲ့ပါတယ်။

No comments: