အောင်ကိုဦး
လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းကာ ဖမ်းဆီးခံရမှုကို ရှုတ်ချကာ မန္တလေးမြို့တိုင်း အတွင်းရှိ တက္ကသိုလ် အသီးသီးမှ ကျောင်းသားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ၁၅၀ကျော်က မတ်လ ၂၁ရက် နံနက် ၉နာရီတွင် မန္တလေးမြို့ မြတောင်ကျောင်းတိုက်ရှေ့တွင် လူစုကာ ၉နာရီခွဲတွင် ထိုနေရာမှ စတင်ထွက်ခွာ ဆန္ဒပြပြီ ဖြစ်သည်။
မူလက မတ်လ ၁၆ ရက်တွင် အင်အား ၁,၀၀၀ ခန့်ဖြင့် ဆန္ဒပြရန် စီစဉ်ထားသော်လည်း မြို့မိမြို့ဖများနှင့် သံဃာတော်များ၏ မေတ္တာရပ်ခံမှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အပြီး မတ်လ ၂၁ရက်သို့ ပြောင်းရွှေ့ လိုက်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုတိုးကြီးက မဇ္ဈိမကို ပြောသည်။
ကျောင်းသားသပိတ်ဖြိုခွင်းမှု ရှုတ်ချသည့် မန္တလေးဆန္ဒပြသူများသည် နံနက် ၁၀နာရီခန့်တွင် မန္တလေးမြို့ လမ်း ၈၀ နှင့် ၃၄ လမ်းကြားသို့ ရောက်ရှိပြိ ဖြစ်ကာ လမ်း ၈၀ထိပ်တွင် ဟောပြောလျက်ရှိသည်။
၎င်းတို့က မန္တလေး မြတောင်ကျောင်းတိုက်ရှေ့မှ စတင်ထွက်ခွာခဲ့ကာ ချမ်းအေးသာစံ၊ အောင်မြေသာစံနှင့် မဟာအောင်မြေမြို့နယ်များကို ဖြတ်သန်း၍ မြို့ပတ်ကာ ဆန္ဒပြသွားမည် ဖြစ်သည်။ သို့သော် ယခင် ခွင့်ပြုမိန့် တင်ထားသည့် လမ်းများအတိုင်း သွားမည်မဟုတ်ဘဲ မြို့တွင်းလမ်းများမှ ဖြတ်သန်းမည်ဟု သိရသည်။
ဆန္ဒပြသူ အင်အား ၂၀၀ခန့်ရှိပြီး သံဃာ ၁၀ပါးခန့် နှင့် တောင်သူများကလည်း ဝန်းရံကြသည်။ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် အချို့လည်း လိုက်လံ စောင့်ကြည့်မှု ရှိသော်လည်း တားဆီးပိတ်ပင်မှု မတွေ့ရပေ။
No comments:
Post a Comment