Thursday, March 19, 2015

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ တစ်ပတ်အတွင်း ဖြစ်မည်ဟု သတင်းထွက်၊ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မသိသေးဟုဆို

ဝင်းကိုကိုလတ်၊ အောင်သူရထွန်း

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မသိသေးဟု ပြောဆိုလိုက်သည်။

သမ္မတ၏ ပြောရေဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ကျွန်တော့် မကြားသေးပါဘူး၊ ကျွန်တော် မနေ့ကမှ ပြန်ရောက်တာ၊ ကျွန်တော်မသိသေးဘူး၊ သိရင်ပြောပြမယ်’’ ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ပြည်ထောင်စုအဆင့် ဝင်များက လာရောက်ရှင်းပြပြီး ခေတ္တနားချိန်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၁၁ ကြိမ်မြောက်လွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ပဲခူး ၁ဝ မှ ကိုယ်စားလှယ် ဦးမြင့်ထွန်းက သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်တို့ ပါဝင်သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အရေးကြီးးအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာအေးမောင်က ''လွှတ်တော် နာယကကြီး (သူရဦးရွှေမန်းက) ဒီတစ်ပတ်အတွင်း(မတ်လ ၁၆ ရက်မှ ၂ဝ ရက်အထိ) ဘယ်မှမသွားပါနဲ့၊ အဆင်သင့်စောင့် နေပါလို့တော့ ပြောထားပါတယ်’’ ဟု ဆိုသည်။


ပြီးခဲ့သည့် မတ်လ ၁၃ ရက်က ဒေါက်တာအေးမောင်နှင့် လွှတ်တော်တွင်းရှိ တိုင်းရင်းသား ကိုယ်စားလှယ်များ တွေ့ဆုံ ခဲ့ပြီး ခြောက်ပွင့်ဆိုင်တွင် ဆွေးနွေးတင်ပြမည့်အချက်များကို ကြိုတင် ညှိနှိုင်းခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်၍ အတည်ပြုရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မေလအတွင်း ကျင်းပမည်ဟု ပြောကြားထားသော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး နှောင့်နှေးမှုများဖြစ်ပေါ်ပါက အချိန်မီ မပြုလုပ်နိုင်မည်ကို စိုးရိမ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီး မှသာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကို ရေးဆွဲရမည်ဖြစ်ကာ ယင်းဥပဒေနှင့် အညီ နည်းဥပဒေကို ရေးဆွဲ၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပရမည်ဖြစ်သဖြင့် မေလအတွင်းကျင်းပရန်မှာ လွှတ်တော်ပေါ်သာ မူတည်သည်ဟု ပြောကြားထားသည်။

No comments: