ခင်မြတ်မြတ်ဝေ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း (NCA)ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ ဆွေးနွေးလျက်ရှိရာ ငါးရက်မြောက်နေ့ မတ်လ ၂၁ရက်တွင် အခန်း (၅)ကိုဆွေးနွေးရာ နှစ်ချက်သာ သဘောတူရန် ကျန်ရှိနေပြီး ထိုနှစ်ချက် နှင့် အခန်း (၆)၊ (၇)တို့ကို မတ်လ ၂၂ရက်တွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။
"ဒီနေ့ဆွေးနွေးပွဲမှာ ပထမရက်တွေထက် ဒီနေ့လောက် စိတ်လှုပ်ရှားမှုကြီး မဖြစ်ဖူးဘူး၊ ဒီနေ့ကတော့ စိတ်လှုပ်ရှားပြီး နှစ်ဖက်ခေါင်းဆောင်တွေလည်း အရေးကြီးတဲ့ အချက်တွေကို အားလုံးညှိယူရတယ်။ အားရပါတယ်"ဟု မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာနမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ငါးရက်မြောက် ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကျန်ရှိသည့် အချက်နှစ်ချက်သည် ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်း နှင့် လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ စသည့် ကဏ္ဍအသီးသီးတွင် ရှိနေသည့် တိုင်းရင်းသားများကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထည့်သွင်းနိုင်ရန် ပါဝင်မည့်သူများအတွက် စံသတ်မှတ်ချက် သတ်မှတ်ရန် အချက်များကို ဆက်လက် ဆွေးနွေးမည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ဒေါ်စောမြရာဇာလင်းက ပြောသည်။
"မနက်ဖြန်မှာ ကျေကျေလည်လည် ဆွေးနွေးသွားမှာပေါ့" ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
ယနေ့ဆွေးနွေးပွဲသည် ယခင်ဆွေးနွေးပွဲများက ပြေလည်မှု မရရှိဘဲ တစ်ဆို့ခဲ့သည့် အပိုင်းများကို နှစ်ဖက်ခေါင်းဆောင်များက အတည်ပြုနိုင်ခဲ့သည့် အပေါ် ကျေနပ်မှု ရသည်ဟု ဦးလှမောင်ရွှေက ပြောသည်။
NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းကလည်း ယခုဆွေးနွေးပွဲသည် အောင်မြင်သည်ဟု ပြောနိုင်ကြောင်း မီဒီယာများကို ပြောသည်။
တတိယနေ့ ဆွေးနွေးပွဲတွင်လည်း ပြီးခဲ့သော ကာလများက ဆွေးနွေးရာတွင် နှောင့်နှေးမှု ရှိခဲ့သည့် တပ်ပိုင်းဆိုင်ရာ နေရာချထားရေးနှင့် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရေးတို့တွင် ဆွေးနွေးမှု အရှိန်ကောင်းလာပြီး တစ်ဆို့နေသော အချက်အလက်များကို ကျော်လွှား ဆွေးနွေးနိုင်ခဲ့ပြီဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ဆွေးနွေးပွဲကို မတ်လ ၁၇ရက်မှ စတင်ကာ ၆ရက် ဆွေးနွေးရန် သတ်မှတ်ထားသော်လည်း ရက်ထပ်တိုးနိုင်သည်ဟု ဆိုသည်။
No comments:
Post a Comment