Wednesday, March 18, 2015

လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်အား မဲဆွယ်သည့်သဘောမျိုး သက်ရောက်သည်ဟုဆိုကာ ဒီချုပ်အမတ်က ကော်မရှင်ထံ တိုင်ကြားမည်ဟုဆို

ဝင်းကိုကိုလတ်၊ အောင်သူရထွန်း

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်၏ လယ်ယာစီးပွား အပတ်စဉ် စာစောင်တွင် တွဲလျက်ပါရှိသော လက်ကမ်းကြေညာချက်သည် မဲဆွယ်သည့်သဘောမျိုး သက်ရောက်သည်ဟု ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားမည်ဟု ဒီချုပ်အမတ် ဦးနိုင်ငံလင်းက ပြောသည်။

ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်ငံလင်းက ‘‘ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်မယ်’’ ဟု သတင်းထောက်များကို ပြောသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်များကို ပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် တိုင်မည်ကိုမူ ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။

၎င်းက ‘‘မဆောင်ရွက်ပေးဘူးဆိုရင် ကျွန်တော်တို့ လွှတ်တော်ကို မေးခွန်းမေးရမှာပေါ့။ အဲဒီကျရင် သူတို့လာရှင်းရမှာလေ’’ ဟု ဖြည့်စွက်ပြောကြားသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မတ် ၄ ရက်စွဲဖြင့် ထုတ်ဝေသည့် လယ်ယာစီးပွား ဂျာနယ်တွင် လက်ကမ်းစာစောင်ပုံစံဖြင့် ‘ဒက္ခိဏသီရိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ လယ်ဆည်ဝန်ကြီး’ ဖြစ်လာသူ ဒုတိယ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးမြင့်လှိုင်နှင့် လယ်ဆည်ညွန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးကျော်ဝင်းတို့၏ ပုံဖြင့် ‘ပြည်သူ့ထံမှ ပြည်သူ့ထံသို့’ ဟူသော စာသားအပြင် အင်္ဂလိပ်ဘာသာဖြင့် ‘By the people For the people’ ဟူသော စာသားပါဝင်သည်။

ထို့ပြင် အမျိုး၊ ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်မည် "လယ်ယာကဏ္ဍ ဖွဲ့ဖြိုးတိုးတက်ရေး လယ်သမားများ ဝင်ငွေ နှစ်ဆတိုးရေး ဆောင်ရွက်မည်’’ စသည်တို့ အပါအဝင်အချက် ခုနစ်ချက်ပါဝင်သည့် စာသားများလည်း ပါဝင်သည်။

ဦးနိုင်ငံလင်းက ‘‘ကျွန်တော်တို့ လောလောဆယ်တော့ ဒက္ခိဏသီရိမှာ ဝန်ကြီးအနေနဲ့က လယ်ယာစီးပွား သတင်းဂျာနယ်ကို အုပ်ချုပ်ရေးမှူးတွေကိုဖြန့်တယ်၊ ဒါက ဥပဒေနဲ့မညီဘူး။ ဒီမှာ သူရဲ့ Election Message ပုံစံလုပ်ထားတယ်။ သူတို့ နှစ်ဦးဓာတ်ပုံပါတယ်။ ပထမဆုံးပြောချင်တာက ဥပဒေနဲ့ မညီဘူးလို့ ပြောချင်တယ်’’ ဟု ပြောသည်။

ထို့ပြင် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ဋ တွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု ၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသည့်နေ့မှစ၍ မိမိရာထူးတာဝန်သက်တမ်း အတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများ ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားသည်ဟု ၎င်းက ပြောသည်။

၎င်းက ‘‘နောက်တစ်ခု (ဖွဲ့စည်းပုံပုဒ်မ)၂၃၃ မှာ ပြန်ပြောထားတာကတော့ ပြည်ထောင်စုဝန်ကြီးတစ်ဦးအား အောက်ပါအရည်အချင်း တစ်ရပ်ရပ်၊ အကြောင်းအရာ တစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရင် သူ့ကို စွပ်စွဲပြစ်တင်ခွင့်ရှိတယ်’’ ဟု ဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲမဲဆွယ်သည့်ကာလ မဟုတ်သေးသည့်အပြင် မဲဆွယ်ရမည့်ကာလ မသတ်မှတ် ထားသေးဟုလည်း ဦးနိုင်ငံလင်းက ဆက်လက်ပြောကြားသည်။

၎င်းက "တတိယတစ်ချက်ကတော့ ကျွန်တော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို နိုင်ငံရေးပါတီများ ဥပဒေတွေရယ်၊ ရွေးကောက်ပွဲ ဥပဒေရယ်ကို အမြဲတမ်းထိန်းညှိ စောင့်ကြည့်နေတယ်။ နောက်တစ်ခုကတော့ အစိုးရကိုတော့ လုံးဝ စောင့်ကြည့်ထိန်းညှိခြင်း မရှိဘူး။ အဲ့တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အစိုးရကိုလည်း လုံးဝစောင့်ကြည့်ထိန်းညှိခြင်း မရှိဘူးဆိုတာ အသိပေးချင်တယ်’’ ဟု ဖြည့်စွက်ပြောသည်။

လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်သည် ၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး ဒီချုပ်လွှတ်တော်အမတ် ဦးနိုင်ငံလင်းသည် ယင်းမဲဆန္ဒနယ်မှပင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

No comments: