နန်းလွင်နှင်းပွင့်
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA) ချုပ်ဆိုပြီးနောက် နိုင်ငံရေး လုပ်ငန်းစဉ်များ၌ အရပ်ဘက် အဖွဲ့(CSO)များ ပါဝင်ကူညီနိုင်ရေး ဆွေးနွေးပွဲ တတိယအကြိမ် ပြုလုပ်သည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်တွင်းရှိ အရပ်ဘက် အဖွဲ့အစည်း (Civil Society Organization-CSO ) တို့က မတ်လ ၂၄ ရက်တွင် ဆွေးနွေးပွဲ ပြုလုပ်ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲကို ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး NCA ချုပ်ဆိုပြီးနောက်ပိုင်း နိုင်ငံရေး လုပ်ငန်း စဉ် များတွင် အရပ်ဘက် အဖွဲများက ပါဝင်ကူညီရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု NCCT က ပြောသည်။
NCCT က အစိုးရနှင့် ဆွေးနွေးနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (NCA) စာချုပ် အပြီးသတ် ချုပ်ဆိုပြီးနောက် ပြုလုပ် မည့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ရေးဆွဲရာတွင် အရပ်ဘက် အဖွဲ့အစည်းများက ၀င်ရောက် ရေးဆွဲပေးရန်နှင့် NCA စာချုပ် ချုပ် ဆိုပြီးနောက် နှစ်ဖက်တပ်များ ပြန်လည် ပစ်ခတ်ခြင်း မရှိစေရန် စောင့်ကြည့်ရေး ကော်မတီများ ထားရှိရေး၊ NCA စာချုပ်ပါ ကတိ က၀တ်များကို အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များက ချိုးဖောက်ခြင်း ရှိမရှိကို စောင့်ကြည့်ရေး ၌ CSO များ ပါဝင်လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်ဟု NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီကို ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက“အပစ်ရပ်ပြီးတဲ့နောက် စနစ်ဟောင်းတွေချုပ်ပြီး စနစ်သစ်ကို ထူထောင်ဖို့လုပ်တဲ့ နိုင်ငံရေး ကူးပြောင်းတဲ့ ကာလမှာ CSO တွေ အခန်းကဏ္ဍက အရေးကြီး လာပါလိမ့်မယ်”ဟုလည်း ပြောဆိုသည်။
NCA စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ဆွေးနွေးရန် ပုဒ်မကြီး ၄ ခုခန့်သာ ကျန်ရှိနေပြီး မတ်လ လကုန်ပိုင်းတွင် အပြီးသတ် ဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု NCCT ခေါင်းဆောင်များက ပြောသည်။
NCA စာချုပ် ချုပ်ဆိုပြီးနောက် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတခုကျင်းပကာ ပြည်နယ်နှင့်တိုင်း အလိုက် သယံဇာတ ခွဲဝေရေး၊ အာဏာ ခွဲဝေရေး၊ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်ထည်ဖော်မည့် လုပ်ငန်းစဉ်များနှင့် ပြုပြင်ပြောင်းလဲရေး လုပ် ငန်း စဉ်များကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆွေးနွေးရမည်ဟု သမ္မတက သတ်မှတ်ပေးထားသည်။
နိုင်ငံရေး ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ကိုယ်စားလှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့်အတူ အရပ် ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များကလည်း လူ့အခွင့်အရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေး စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများ၌ ၀င်ရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ လကုန်ပိုင်းတွင် ကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲတွင် အရပ်ဘက် ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကော်မတီများ ဖွဲ့ကာ မဲလိမ်ခြင်း၊ မဲကိုငွေဖြင့် ၀ယ်ယူခြင်း၊ မဲရရှိရန် တဖက်ပြိုင်ဘက်ကို လုပ်ကြံခြင်း ကိစ္စများကို စောင့်ကြည့်ပေးရန် အရပ်ဘက် အဖွဲ့အစည်းများကို NCCT က တိုက်တွန်း ပြောဆိုခဲ့သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ကြသူများက ပြောဆိုကြသည်။
CSO အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးရန်ကျော်က“အပစ်ရပ်ပြီးနောက် နိုင်ငံရေး အကူးအပြောင်းမှာ ကျနော်တို့ဘက်က တွဲလုပ် ရမယ့် ကိစ္စတွေကိုလုပ်ကြဖို့ ဆွေးနွေးဖြစ်ပါတယ်၊ ဒီ့အပြင် တိုင်းရင်းသား ဒေသတွေမှာ ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ အရပ် ဘက် အဖွဲ့တွေက ပါဝင်ကူညီဖို့ အစီအစဉ်တွေလည်း ပြောဖြစ်ကြပါတယ်”ဟု ပြောသည်။
CSO များက NCCT အနေဖြင့် လက်ပံတန်း၌ ကျောင်းသားများ အကြမ်းဖက်ခံရသည့် ကိစ္စရပ်မျိုးတွင် သဘောထား ထုတ်ပြန်မှုများထုတ်ကာ ကူညီပေးရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီး အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားပေးရန် ပြောဆိုခဲ့သည် ဟု ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲသို့ NCCTမှ ဗိုလ်ချုပ် ဂွန်မော်၊ ပဒို ကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်းနှင့် CSO အဖွဲ့အစည်း ၂၀ ကျော်မှ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

No comments:
Post a Comment