သီဟကိုကို
အာရှစီးပွားရေးလုပ်ငန်း လေးခုအနက် တစ်ခုသည် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည်ဟု စင်ကာပူနိုင်ငံအခြေစိုက် ယူအိုဘီဘဏ် (UOB) မှ မတ်လ ၂၃ ရက်က ထုတ်ပြန်သည့် အာဆီယံစီးပွားရေး သုတေသနလေ့လာတွေ့ရှိချက် ၂၀၁၅ တွင် ဖော်ပြ ထားသည်။
အာရှနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများသည်မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲနေသည့် စီးပွားရေးဖွံ့ဖြိုးမှု များနှင့်အတူ တိုင်းပြည်၏ များပြားသည့် လူဦးရေ၊ မြို့ပြစနစ်များကြီးထားလာမှု၊ ဘဏ်လုပ်ငန်းဆိုင်ရာ စည်း ကမ်းများ လျှော့ချမှုများကြောင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားမှု မြင့်တက်လာ ခြင်းဖြစ်သည်။
ယူအိုဘီဘဏ်၏ သုတေသန လေ့လာချက်အရ ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းများ၏ သုံးပုံတစ်ပုံ (၃၁ ရာခိုင်နှုန်း)၊ ထိုင်းနိုင်ငံမှ (၂၈ ရာခိုင်နှုန်း)၊ တရုတ်နိုင်ငံမှ (၂၆ ရာခိုင်နှုန်း)၊ မလေးရှားနိုင်ငံမှ (၂၅ ရာခိုင်နှုန်း) နှင့် စင်ကာပူနိုင်ငံမှ (၂၁ ရာခိုင်နှုန်း) တို့က ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် ကြမည်ဖြစ်သည်။
"တိုင်းပြည်ရဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရည်မှန်းပြီး ခိုင်မာတဲ့ အခြေခံအုတ်မြစ် တည်ဆောက်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေးနဲ့ ပညာရေးနယ်ပယ်တွေမှာ လက်ရှိအကောင်အထည်ဖော်နေတဲ့ ရင်းနှီးမြှုပ်နှံတွေကို ပိုမိုလုပ်ဆောင် သွားဖို့လိုပါတယ်" ဟု UOB Group ၏ Group Strategy and International Management ၏ မန်နေဂျင်း ဒါရိုက်တာ Mr.Wong က ပြောသည်။
အာဆီယံနိုင်ငံအခြေစိုက် စီးပွားရေး လုပ်ငန်းများသည် မြန်မာနိုင်ငံအတွင်းရှိ ကားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု များပြားလျက်ရှိပြီး အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း၊ ရေကြောင်း ကုန်သွယ်မှုလုပ်ငန်း၊ နည်းပညာလုပ်ငန်း၊ စီမံခန့်ခွဲရေး၊ ဆောက်လုပ်ရေးလုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်း ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် ပြင်ဆင်နေသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိလာမည်ဟု ခန့်မှန်းထားပြီး ၂၀၃၀ တွင် မြန်မာနိုင်ငံ၏ လူဦးရေ လေးပုံတစ်ပုံသည် မြို့ကြီးများတွင် နေထိုင်မှု တိုးမြင့်လာ မည်ဖြစ်သည်။ အဆိုပါအချက်များသည် အာရှစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုကြသည် အချက်များဖြစ်နေသည်ဟု ယူအိုဘီဘဏ်မှ သုံးသပ်ထားသည်။
No comments:
Post a Comment