Wednesday, March 18, 2015

အပစ်ရပ်ဆိုင်ရာ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ၌ ပဋိပက္ခလျှော့ချရေး ဆွေးနွေး

နန်းလွင်နှင်းပွင့်

ရန်ကုန်မြို့တွင် ယနေ့ကျင်းပသော အပစ်အခတ် ရပ်စဲရေး စာချုပ် ဆိုင်ရာ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် စာချုပ်ကိစ္စကို မဆွေးနွေးသေးဘဲ ပဋိပက္ခလျှော့ချ ရေး နှင့် ပတ်သက်ပြီး ဆွေးနွေးသည်ဟု သတင်းရရှိသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှု စာချုပ်(NCA) ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဌာန(MPC)တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့က ဆွေးနွေးခြင်း ဖြစ်သည်။

NCCT ခေါင်းဆောင် နိုင်ဟံသာက“တိုက်ပွဲတွေက ပြင်းထန်နေတော့ NCA ဆွေးနွေးမှုမှာ နားလည်မှု ရယူဖို့ ခက်ခဲတယ်၊ ဒါ့ကြောင့် တိုက်ပွဲတွေကို လျှော့ချဖို့ ရပ်တန့်ဖို့ အရင်ဆွေးနွေးတာပါ”ဟု ဧရာဝတီကို ပြောသည်။

ပဋိပက္ခလျော့ကျရေးဆိုင်ရာ ဆွေးနွေးမှုတွင် NCCT က ကချင်ပြည်နယ် ပလောင်(တအာင်း)ဒေသ နှင့် ကိုးကန့်ဒေသတို့ရှိ တိုက်ပွဲများကို ရပ်တန့်၍ တိုက်ပွဲဖြစ်နေသည့် တပ်ဖွဲ့များကို ဆွေးနွေးပွဲသို့ ခေါ်ရန်၊ ပြည်တွင်းစစ်နှင့် ပဋိပက္ခများ ဖြစ်ပွားရာတွင် အစိုးရ ဘက်မှ အင်အားသုံး ဖြေရှင်းခြင်း မပြုရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

တောင်းဆိုမှုများထဲတွင် အမျိုးသားပညာရေး ဥပဒေပြင်ရန် တောင်းဆိုနေသည့် ဆန္ဒပြ ကျောင်းသားများကို ရဲတပ်ဖွဲ့မှ အကြမ်း ဖက် ရိုက်နှက်ခဲ့သည့် ကိစ္စနှင့် လုပ်ခလစာ တောင်းဆိုနေသည့် အလုပ်သမားများ ရိုက်နှက်ခံခဲ့ရသည့် ကိစ္စများကိုလည်း အင်အား သုံး ဖြေရှင်းခြင်း မပြုရန်၊ အစိုးရက အေးဆေးစွာ ညှိနှိုင်းဖြေရှင်းပေးရန် တို့ကို ထည့်သွင်းပြောဆိုခဲ့သည်ဟု နိုင်ဟံသာက ပြော သည်။

တောင်းဆိုမှုများအပေါ်တွင် UPWC ကိုယ်စားလှယ်များထံမှ ယေဘုယျဆန်သည့် အဖြေများသာ ရရှိခဲ့ပြီး တိုင်းရင်းသားများဘက်မှ တောင်းဆိုလိုသည့် အချက်များကို အစီရင်ခံစာ ရေးသားပေးရန် ပြောဆိုသည်ဟု နိုင်ဟံသာက ဧရာဝတီကို ဆက်ပြောသည်။

ထိုကဲ့သို့ ပဋိပက္ခလျှော့ချရေးကိစ္စများကို ပြောဆိုရခြင်းသည် NCA ကို အပြီးမသတ်နိုင်သေးသဖြင့် အချက်အလက်တခု အဖြစ် ခွဲထုတ် ဆွေးနွေးရခြင်း ဖြစ်သည်ဟု NCCT ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းကလည်း ပြောသည်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆက်လက်၍“NCA ကို အမြန်ဆုံး လက်မှတ်ထိုးနိုင်ရင် ပဋိပက္ခလျှော့ချရေး မဟုတ်ဘဲ ရပ်တန့််ရေးအထိပါ လုပ်သွားနိုင်မှာပါ၊ NCA ပြီးရင်တော့ တပ်မတော်ပိုင်း ကျင့်ဝတ်စည်းကမ်းတွေ ပါလာမယ်”ဟု ပြောဆိုသည်။

လက်ရှိတွင် NCA ဆွေးနွေးမှုသည် ကြားကာလ တပ်နေရာ ချထားရေးနှင့် အပစ်ရပ် ကာလတွင် နှစ်ဖက်တပ်များ အပြန်အလှန် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊ လက်နက်ကိုင် တပ်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊ အပစ်ရပ်ပြီးနောက် ရှေ့ဆက်သွားရမည့် နိုင်ငံရေးလမ်းပြ မြေပုံများ ဆွေးနွေးရန် ကျန်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

UPWC မှ အကြီးတန်း အရာရှိတဦးဖြစ်သူ ဦးလှမောင်ရွှေက“ငြိမ်းချမ်းရေးဖြစ်စဉ်ကြာနေတဲ့ ကိစ္စမှာ ကျနော်တို့ နောက်ဒီလိုမဖြစ် အောင် သွားဖို့ ညှိနေပါတယ်၊ ယုံကြည်မှုလည်း ထိုက်သင့်သလောက် ရပါတယ်၊ ဖြစ်ခဲ့တဲ့ ဘယ်ကိစ္စကိုမဆို အသေးစိတ် မဆွေးနွေး တော့ဘဲ ဘယ်ကိစ္စကို လျှော့ချမလဲဆိုတာ ပြောပြီး ရှေ့ကို သွားဖို့ ချဉ်းကပ်နေပါတယ်”ဟု ပြောဆိုသည်။

ယင်း NCA ဆွေးနွေးပွဲကို မတ်လ ၁၈ရက်တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် အချက်များထဲမှ တပ်နေရာ ချထားရေး ကိစ္စများကို ဆွေးနွေးရန် NCCT ဘက်မှ တပ်မှူးများကိုလည်း ဆွေးနွေးပွဲကို ခေါ်ဆောင်လာသည်ဟု သိရသည်။

ယနေ့ ဆွေးနွေးပွဲသို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ လားဟူ အဖွဲ့နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု(NDAA) မိုင်းလား အဖွဲ့ တို့က လေ့လာသူအဖြစ် တက်ရောက်ပြီး ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) က တက်ရောက်ခြင်း မရှိပေ။

NDAA သည် UWSA နှင့် အနီးကပ်ဆုံး မဟာမိတ် အဖွဲ့ ဖြစ်ကြောင်း သိရသည်။

No comments: