ကေဇူး
ရခိုင်ကမ်းရိုးတန်းသွား နစ်မြုပ်ရေယဉ် အောင်တံခွန် ၃ နေရာတွင် သင်္ဘောတစ်စီးကို အစားထိုး၍ အောင်တံခွန် ၇ အမည်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး နောက်နောက်တွင် အန္တရာယ်တစ်ခုခုဖြစ်ခဲ့ပါက ပို့ဆောင်ရေးဝန်ကြီးက တာဝန်ယူမည်ဟု မတ်လ ၂၃ ရက်က အောင်တံခွန် သင်္ဘောပေါ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သူ ကျောက်ဖြူ လူငယ်အဖွဲ့မှ စောနိုင်က မဇ္ဈိမကို ပြောသည်။
၎င်းက "အခုဖြစ်တဲ့အပေါ်မှာ ပြည်ထောင်စုဝန်ကြီးက ရခိုင်တိုင်းရင်းသားများနည်းတူ ဝမ်းနည်းတဲ့အကြောင်း နောင်မှာ ဒီလိုဖြစ်ခဲ့ရင် သူ့မှာ တာဝန်ရှိတယ်ဆိုပြီး ပြောသွားတယ်" ဟု ဆိုသည်။
ရန်ကုန်မြို့ ဒလဆိပ်ကမ်းတွင် သင်္ဘောကျင်းတင်၍ ပြင်ဆင်ထားသော အောင်တံခွန် ၇ သင်္ဘောကို ရခိုင်ပြည်နယ်တွင် အစားထိုးပြေးဆွဲမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရခိုင်ကမ်းရိုးတမ်းတွင် အောင်တံခွန် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ အမှတ်စဉ်များ ပြေးဆွဲလျှက်ရှိပြီး ထိုသင်္ဘောများ ပြင်ဆင်နေစဉ် ဒလသင်္ဘောကျင်းမှ အောင်တံခွန် ၇ ကို အစားထိုးပြေးဆွဲမည်ဖြစ်သည်။
"နောက်ဖြစ်ရင် တာဝန်ယူမယ်ဆိုတာ အခုဖြစ်တဲ့ဟာကိုကော ဘယ်လိုတာဝန်ယူမှာလဲဗျ"ဟု ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ကိုထွန်းကြည်က ပြောသည်။
အောင်တံခွန် သဘောင်္နစ်မြုပ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး မတ်လ ၂၁ ရက်တွင် အစီရင်ခံစာ တင်ပြရမည်ဖြစ်သော်လည်း အစီရင်ခံစာမှာ နှောင့်နှေးလျှက်ရှိသည်။
အောင်တံခွန် သင်္ဘောနစ်မြုပ်မှု တွင် မတ်လ ၂၄ ရက်ထိ ကျောက်ဖြူ လူမှုကယ်ဆယ်ရေးများက လူသေအလောင်း ၇၈ လောင်း တွေ့ရှိထားပြီး ကျောက်ဖြူတွင် မြုပ်နံသဂြိုလ်ထားသည်။
ထို့ပြင် ဒေသငါးဖမ်းလှေများက ခရီးသည် တစ်ရာခြောက်ဆယ်ကျော်ကို သင်္ဘောနစ်မြုပ်စဉ်အတွင်း ကယ်ဆယ်ထားသည်။
No comments:
Post a Comment