Friday, March 27, 2015

လက်ပတ်ဖြူလှုပ်ရှားမှုအပေါ် အစိုးရဘက်က ကောင်းမွန်စွာတုံ့ပြန်မှု တစ်စုံတရာ မရှိသေးဟု ဦးဆောင်သူဆို

မိုးသူ

ဖမ်းဆီးခံရသော သပိတ်မှောက် ကျောင်းသားများအတွက် ပြုလုပ်ပေးနေသည့် လက်ပတ်ဖြူလှုပ်ရှားမှုအပေါ် အစိုးရက ကောင်းမွန်စွာတုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေးဟု ယင်းလှုပ်ရှားမှု ဦးဆောင်သူ ကဗျာဆရာ မောင်ဆောင်းခက မဇ္ဈိမကို ပြောသည်။

ယင်းလှုပ်ရှားမှုသည် မတ် ၁၃ ရက်က စတင်လုပ်ဆောင်ခဲ့သည့် လှုပ်ရှားမှုတစ်ခုဖြစ်ပြီး လှုပ်ရှားနေသည့် အချိန် တစ်လျှောက်လုံး ပါဝင်သူများနောက်မှလိုက်ကာ စုံစမ်းမှုများလည်း ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ကဗျာဆရာ မောင်ဆောင်းခက “ကျွန်တော်တို့ လှုပ်ရှားခဲ့တုန်းကလည်း လှုပ်ရှားနေတဲ့ပုံတွေကို ဓာတ်ပုံရိုက်တယ်။ အရှေ့တည့်တည့်ကနေ ရိုက်တယ်။ ပြီးတော့ အထက်ကိုလှမ်းတင်တယ်။ လှုပ်ရှားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စိတ်ဓာတ်ကျအောင်လုပ်တယ်။

ပြီးတော့လည်း လှုပ်ရှားခဲ့တဲ့ ကလေးတွေရဲ့အိမ်ကို သွားစုံစမ်းတယ်။ သူတို့တွေ စုံစမ်းနေတယ် ဆိုတာ သိအောင်လုပ်တာပေါ့၊ ကျွန်တော်တို့ ဒီလှုပ်ရှားမှုပြုလုပ်ခဲ့စဉ် တစ်လျှောက်မှာ ကောင်းမွန်တဲ့ တုံ့ပြန်မှုကတော့ မလာ သေးပါဘူး” ဟု ပြောသည်။

ဖမ်းဆီးခံရသော သပိတ်မှောက်ကျောင်းသားများအတွက် ပြုလုပ်နေသည့် လက်ပတ်ဖြူလှုပ်ရှားမှုကို မတ် ၂၇ ရက်တွင် လက်ပံတန်းနှင့် တောင်ငူမြို့နယ် တွင်လည်း ပြုလုပ်သွားမည်ဖြစ်ပြီး လက်ပံတန်းကျောင်းသား၊ ကျောင်းသူများက ဦးဆောင်မည် ဖြစ်သည်။

လက်ပတ်ဖြူလှုပ်ရှားမှုသည့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး အစိုးရအနေဖြင့် ပြည်သူများနှင့် ပြဿနာဖြစ်တိုင်း အကြမ်းဖက်နည်းဖြင့် ဖြေရှင်းသွားပါက လက်ပက်ဖြူ လှုပ်ရှားမှုသည် အချိန်မရွေး ပြန်လည်ပေါ်ပေါက်လာမည်ဟုလည်း မောင်ဆောင်းခက ပြောသည်။

ဖမ်းဆီးခံရသော သပိတ်မှောက်ကျောင်းသားများအတွက် ပြုလုပ်နေသည့် လက်ပတ်ဖြူလှုပ်ရှားမှု ကို လက်ရှိအချိန်ထိ မြို့နယ် ၃၀ တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

မန္တလေး၊ ဒိုက်ဦး၊ ကျောက်ပန်းတောင်း၊ ဘိုကလေး၊ ပြင်ဦးလွင်၊ ပျဉ်းမနား၊ ပုသိမ်၊ ကျောက်ဆည်၊ မကွေး၊ ပြည်၊ မြင်းခြံ၊ ထားဝယ်၊ ရေဖြူ၊ လောင်လုံး၊ သရက် ချောင်း၊ ပခုက္ကူ၊ ပေါင်၊ ရေစကြို၊ ပဲခူးစသည့်မြို့နယ်များ ဖြစ်သည်။

ယင်းလှုပ်ရှားမှုသည် ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးခဲ့သည့် (၂၇) နှစ်ပြည့် မတ်လ ၁၃ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် လူငယ်အင်အား ၂၀ ကျော်ဖြင့် "We Are Students Respect Our Rights" ဟု ရေးသားထားသည့် အဖြူရောင်လက်ပတ်များကို လူစည်ကားရာ နေရာများတွင် စတင် လိုက်လံဝေငှခဲ့ခြင်း ဖြစ်သည်။

No comments: