Thursday, March 26, 2015

တရားခံပြေး ၄ဦးရှိသောကြောင့်ဟုဆိုကာ ဖမ်းဆီးခံကျောင်းသားများကို ရုံးထုတ်သော်လည်း အမှုမစစ်သေး

မင်းမင်း

ဒီမိုကရေစီပညာရေးသပိတ် ပင်မစစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများ အပါအဝင် ၎င်းတို့ကို ထောက်ခံသူ စုစုပေါင်း ၆၉ဦးကို မတ်လ ၂၅ရက် နံနက် ၁၀နာရီခွဲတွင် သာယာဝတီအကျဉ်းထောင်မှ လက်ပံတန်းမြို့နယ်တရားရုံးသို့ ရုံးထုတ်လာသော်လည်း အမှုစစ်ဆေးခြင်းမရှိသေးပေ။

ယနေ့ရုံးထုတ်မှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး လွတ်မြောက်နေသေးသည့် သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်၊ ကိုနန္ဒာစစ်အောင်နှင့် ကိုမြတ်သူတို့ကို မမိသေးသောကြောင့် အမှုမစစ်သေးခြင်းဖြစ်သည်ဟု ဖမ်းဆီးခံကျောင်းသားများဘက်က လိုက်ပါကူညီပေးသည့် မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှ ရှေ့နေများက ပြောသည်။

“ဒီနေ့က ၆၉ယောက်ကို သက်ဆိုင်ရာပုဒ်မ ၅ခုနဲ့ တရားစွဲကြောင်း ကြေငြာတာပါ။ ကြေငြာပြီးတော့ ရှေ့နေတွေ၊ ဘာတွေ ငှားမယ်ဆိုလည်း ငှားကြဆိုပြီးတော့ ပါဝါတင်ခိုင်းတယ်။ ပြီးတော့ မိဘတွေနဲ့ တွေ့ပေးတယ်ပေါ့၊ တရားခံပြေးရှိနေတဲ့အတွက် ဒီနေ့ မစစ်နိုင်တဲ့အကြောင်းကို ရုံးက ပြောတယ်။ နောက်ရုံးချိန်းမှာ တရားခံပြေးအ မှုတွေစစ်မယ်” ဟု မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

အဆိုပါ ကျောင်းသား ၆၉ဦးကို လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘုန်းမြင့်က တရားစွဲဆိုထားခြင်းဖြစ်ပြီး စွဲဆိုထားသည့်ပုဒ်မများမှာ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြစ်သည်။

ဖမ်းဆီးခံကျောင်းသားများကို ဧပြီလ ၇ရက်တွင် ထပ်မံရုံးထုတ်မည်ဟုလည်း တရားရုံးက ကြေငြာထားသည်။

သို့သော် “တရားခံပြေး လေးယောက်ဖြစ်နေတဲ့ ကျော်ကိုကိုတို့၊ နန္ဒာစစ်အောင်တို့၊ ရဲရင့်ကျော်တို့၊ မြတ်သူရအောင်တို့ကို သူတို့နေထိုင်တဲ့ ရ.ဝ.တ တွေကို ခေါ်စစ်မယ်။ ခေါ်စစ်ပြီးတော့ သူတို့အိမ်မရှိဘူးဆိုလို့ရှိရင် သူတို့ကို တရားခံပြေးကြေငြာပြီးတော့ မှင်နီသက်သေထားလိုက်ပြီးတော့ ဒီအမှုကြီးကို စစ်သွားမယ်။ မှင်နီသက်သေလို့ခေါ်တဲ့ သူတို့ ရ.ဝ.တတွေကို မစစ်မပြီးမချင်း ဒီအမှုတွေကို မစစ်ရသေးဘူး” ဟု ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

လက်ရှိတွင် အဆိုပါ ၄ဦးကို လက်ပံတန်းမြို့နယ်တရားရုံးက ဝရမ်းထုတ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

သပိတ်မှောက်ကျောင်းသားများအား စွဲဆိုားသည့် ပုဒ်မများအပေါ် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “ဥပဒေအရပြောမယ်ဆိုရင်ဗျာ…ပြည်ထောင်စုလွှတ်တော်ကနေ ပြဌာန်းထားတဲ့ ငြိမ်း၊ စု၊ စီ ဥပဒေရှိတာပဲဗျာ။ အဲ့ဒါနဲ့စွဲပေါ့။ အဲ့ဒါနဲ့မစွဲဘဲနဲ့ အာမခံပေးမရတဲ့ ၅၀၅ဂ(ခ)နဲ့ စွဲတယ်ဆိုတာကတော့ မကောင်းဘူးပေါ့ဗျာ။ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ ဥပဒေတောင် အဟောသိကံဖြစ်ရတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံကျောင်းသားများကို ရုံးထုတ်လာသည့် လက်ပံတန်းမြို့နယ်တရားရုံးအတွင်းနှင့် တရားရုံးပြင်ပတို့တွင် လုံထိန်းရဲအင်အား နှစ်ရာကျော် လုံခြုံရေးချထားသည်ကို တွေ့ရသည်။ တရားရုံးအတွင်းတွင် သံဆူးကြိုးများ ဖြင့် လုံခြုံရေးစည်းနှစ်ထပ်ချထားသည်။

ဒုတိယမြောက်လုံခြုံရေးစည်းအထိ သတင်းသမားများနှင့် ကျောင်းသားမိဘ၊ အုပ်ထိန်းသူများကို အာဏာပိုင် များက ဝင်ရောက်ခွင့်ပေးခဲ့ပြီး ကျောင်းသားမိဘများက ၎င်းတို့သား၊ သမီးများ၏ နာမည်ကိုခေါ်ပြီး “သားရေ…အမေလာတယ်နော်” ဟု လက်ပြပြီး အော်ခေါ်ကြသလို “ဖြစ်မှဖြစ်ရလေ သားရယ်” ဟုဆိုကာ ငိုကြွေးသူများလည်း ရှိသည်။

ယင်းနောက် သက်ဆိုင်ရာ သားသမီးများနှင့် အုပ်ထိန်းသူများကို အာဏာပိုင်များက အလှည့်ကျ တွေ့ခွင့်ပေးခဲ့ သည်။ ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများကို လာရောက်တွေ့ဆုံသူများတွင် အသက် ၈၀အရွယ်ရှိ ပြီဖြစ်သော သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၏ မိခင်လည်း ပါဝင်သည်။

“လူကတော့ ကျန်းမာရေးကောင်းတယ်တဲ့။ ဒါပေမယ့် ခါးကတော့ ခြေတွေနဲ့ကန်ထားတာက ချောင်းဆိုးတဲ့အခါ ဗိုက်က နာနေတယ်ပြောတယ်” ဟု မိခင်ဖြစ်သူ အဖွားဒေါ်ချစ်မြိုင်က ကိုအောင်မှိုင်း၏ အခြေအနေကို ပြန်ပြောပြသည်။

ထို့နောက် ဖမ်းဆီးခံသပိတ်မှောက်ကျောင်းသားများကို နေ့လည် ၁နာရီ ၄၅မိနစ်တွင် လက်ပံတန်းတရားရုံးမှ သာယာဝတီ အကျဉ်းထောင်သို့ အချုပ်ကား သုံးစီးဖြင့် ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

ကျောင်းသားများက အချုပ်ကားပေါ်တွင် “အရေးကြီးပြီ” သီချင်းကို ဟစ်ကြွေးခဲ့ကြပြီး တရားရုံးပြင်ပမှ လူ ၁၀၀ခန့်ကလည်း ဖမ်းဆီးခံကျောင်းသားများကို ပြန်လွတ်ပေးရန် ဆန္ဒပြခဲ့ကြသေးသည်။

ဒီမိုကရေစီပညာရေးကို တောင်းဆိုသည့် ဖမ်းဆီးခံသပိတ်မှောက် ကျောင်းသားများမှာ ရန်ကုန်သို့ချီတက်ရန်ကြိုးပမ်းစဉ် မတ်လ ၁၀ရက်က လက်ပံတန်းတွင် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

No comments: