Tuesday, March 17, 2015

နိုင်ငံ့ဂျီဒီပီနှင့် နှိုင်းယှဉ်ပါက အိမ်ခြံမြေဈေးနှုန်း လွန်ကဲနေခြင်းမှ ပြန်ကျဆင်း

နိုင်နိုင်ဇော်

မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ) ဖြင့် ချိန်ထိုးပါက ပြည်တွင်း အိမ်ခြံမြေဈေးနှုန်း လွန်ကဲနေရာမှ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာသည်ဟု အွန်လိုင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုဖြစ်သည့် House.com က ထုတ်ပြန်သည်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသားများ၏ တစ်ဦးကျဝင်ငွေ တစ်ဒေါ်လာကျော်(၁,၁၀၅ ကျပ်)သာ ရှိနေချိန်တွင် ရန်ကုန်မြို့တွင်း အိမ်ခြံမြေဈေးနှုန်းများမှာ တိုက်ခန်းကျယ် တစ်ခန်းလျှင် ဒေါ်လာတစ်သိန်းကျော်(ကျပ်ငွေ သိန်း ၁,၀၀၀ ကျော်) အထက်ရှိနေသည်ဟု အဆိုပါအိမ်ခြံမြေလုပ်ငန်းက ထုတ်ပြန်သည်။

ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ လူတစ်ဦးချင်းစီအတွက် ဂျီဒီပီ ၁,၁၀၅ ဒေါ်လာသာရှိသော မြန်မာနိုင်ငံသား များအတွက် သာမန်တိုက်ခန်းကျဉ်းများပင်လျှင် မြန်မာငွေ ကျပ်သိန်း ၄၀၀ ကျော်ပမာဏများ ဖြစ်ပေါ်လျက်ရှိသည်။ ရန်ကုန်မြို့တွင်း အိမ်ခြံမြေဈေးနှုန်းများမှာ မြန်မာငွေ ကျပ်သိန်းထောင်ချီနှင့်အထက်ရှိပြီး အမေရိကန်ဒေါ်လာဖြင့် တစ်သိန်း ကျော်ပမာဏများဖြစ်သည်ဟု House.com က ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အတွင်း အချို့သောလုပ်ငန်း အရှုပ်အရှင်းများဖြစ်ပေါ်ခဲ့ခြင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံများကို ဖြိုဖျက်ခြင်း စသည့်ကိစ္စရပ်များမှာလည်း အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မှုများရှိခဲ့သည်။ စီမံကိန်းအချို့ လုပ်ဆောင်မည်ဆိုသောနေရာများ၌ အကောင်အထည်ပေါ်လာမှုမရှိခြင်းမှာလည်း ဈေးကွက်ကျဆင်းရသည့် အကြောင်းရင်းတစ်ချက်ဖြစ်သည်ဟု ၎င်းတို့က သုံးသပ်သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေအကျိုးဆောင်များအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ''ကောလာဟလ စီမံကိန်းများ၌ ရင်းနှီး မြှုပ်နှံခြင်း၊ တစ်ပေပတ်လည်ဈေးနှုန်းများကို မြို့နယ်အလိုက် တိုးမြှင့်ခြင်း၊ ငွေမည်းများ ဝင်ရောက်လာမှုကို ထိန်းချုပ်ရန် အစိုးရ၏ ကြိုးစားမှုများမှာ အိမ်ခြံမြေဈေးကျဆင်းရခြင်း အကြောင်းရင်းများဟု ထုတ်ပြန်သည်။

၂၀၁၅ ရွေးကောက်ပွဲမှာ အိမ်ခြံမြေဈေးများအပေါ် သက်ရောက်မှုများရှိနိုင်ပြီး လက်ရှိအချိန်တွင် ဈေးကွက် ဆက်လက်အေးနိုင်သေးကြောင်း၊ ထိုကဲ့သို့ ဈေးကွက် အေးစက်မှုမှာလည်း မြန်မာအိမ်ခြံမြေဈေးကွက်ကို ပြန်လည်သုံးသပ်ရန် အခွင့်အရေး တစ်ရပ်ဟု House.com ၏ Country Manager Jan Sommerfeld က မှတ်ချက်ပေးပြောဆိုခဲ့သည်။

No comments: