စိုးသန်းလင်း
တောင်ကုတ်-စစ်တွေ ပြေးဆွဲသည့် အောင်တံခွန်(၃) ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန်က ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ ရှင်းလင်းတင်ပြအပြီးတွင် ထိုသို့နစ်မြုပ်ရခြင်းမှာ ပြည်ထောင်စုအစိုးရ၏ တာဝန်မဲ့မှုကြောင့်ဟု ရခိုင်အမတ်တို့က ဝေဖန်ထောက်ပြခဲ့သည်။
“ရခိုင်ပြည်နယ်ရဲ့ ရေကြောင်းပို့ဆောင်ရေး ကဏ္ဍဟာ ပျက်စီးနေတာ ကြာပါပြီ။ အစိုးရက ဂရုမစိုက်တာလည်း ကြာပါပြီ။ မိုးလွန်မှထွန်ချ သူခိုးပြေးမှ ထိုးကွင်းထဆိုသလို နောင်တတွေ တစ်လှေကြီးနဲ့ ပြန်ပြီးတော့ ပြင်ဆင်ပါ့မယ် ၊ပြုပြင်ပါ့မယ်ဆိုတာတွေဟာ ပေးဆပ်လိုက်ရတဲ့ ဆုံးရှုံးမှုတွေနဲ့မကာမိပါဘူး။ ဖြစ်သင့် ဖြစ်ထိုက်တာနဲ့ မဖြစ်သင့်ဘဲ ဖြစ်သွားရတာတွေရှိပါတယ်။
“သင်္ဘောသားတွေကလည်း ကုန်ပိုတင်တယ်။ ဒီသင်္ဘောမှာ ကုန်က ၂၁၄ တန် ပါတယ်လို့ပြောတယ်၊ ဝန်ကြီးရှင်းပြတာက ၁၁၀ ပဲ တင်သင့်တယ်လို့ပါတယ်။ ကုန်က နှစ်ဆလောက် ပိုနေတယ်၊ လက်မှတ်မရှိတဲ့ ခရီးသည်တွေလည်း ပါနေတယ်၊ တင်နိုင်တာထက် ပိုများနေတယ်။ သင်္ဘောအင်္ဂါရပ်ဖြစ်တဲ့ Life Jackets တွေ ဗောတွေ မပါဘူး။ ဒါဟာ ဘယ်သူ့အားနည်းချက်လဲ၊ အဲဒီလို အားနည်းချက်တွေကို ပြည်ထောင်စု အစိုးရက မသိဘူးဆိုတာ တော့်တော့်ကို တာဝန်မဲ့ရာ ရောက်ပါတယ်” ဟု မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ပြပြောကြားသည်။
ခရီးသွားရာ၌ ရေကြောင်းကိုသာ အဓိကအားထားနေရသည့် ရခိုင်ပြည်နယ်တွင် ပြေးဆွဲနေသည့် သင်္ဘောများမှာ ကြံ့ခိုင်ရေး မကောင်းတော့သည့်အပြင် ပုဂ္ဂလိကလုပ်ငန်းများကို လွှဲထားရာမှ တွက်ခြေမကိုက်သဖြင့် ပြန်အပ်လာသည်ကို နိုင်ငံတော်က ပြန်လည် ပြင်ဆင်ပြေးဆွဲနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြသည်။
ထို့ အပြင် ၎င်းက “လွန်းတင်တော့လည်း နှစ်နဲ့ချီပြီး ကြာတယ်၊ ချွေတာရေးနဲ့လွန်းတင်တော့ သင်္ဘော ကိုယ်ထည်က အတော့်ကို ပါးနေကြပြီ၊ နှစ်ပေါင်း ၂၀ လောက် သက်တမ်းရှိတဲ့ သင်္ဘောဟောင်းကြီးတွေကို အနည်းငယ်ပြုပြင်ပြီး ပြန်သုံးတာဟာ အစိုးရဘက်က အားနည်းချက်ပါ။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဂရုမစိုက်ရာ၊ ထည့်မတွက်ရာ ရောက်တယ်လို့ ပြောလိုပါတယ်”ဟု လည်း ဖြည့်စွက်ပြောသည်။
ယခုဖြစ်ရပ်မှာ ရာသီဥတု ဆိုးရွားသောကြောင့်ဟု ပို့ဆောင်ရေး ဒုတိယဝန်ကြီးဦးဟန်စိန်က လွှတ်တော်သို့ ရှင်းပြခဲ့သော်လည်း ဦးဖေသန်းက ရာသီဥတု ဆိုးရွားခြင်းကြောင့် မဟုတ်ကြောင်း၊ ထိုသို့ ဝန်ကြီးက ပြောခြင်းမှာ အကြောင်းပြချက်သက်သက်သာဖြစ်ကြောင်း၊ နိုင်ငံတော်က အခြားကိစ္စများတွင် ဗုံးပေါလအော သုံးနေသော်လည်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့်ဆိုင်သည့် ရေကြောင်းပို့ ဆောင်ရေးတွင် ကြံ့ခိုင်သည့် သင်္ဘောများမသုံးနိုင်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ ရခိုင်ပြည်နယ်အတွက် သင်္ဘောအသစ်များ သုံးစွဲပေးစေလိုကြောင်းလည်း တောင်းဆိုခဲ့သည်။
“အခုဖြစ်ရပ်က ရာသီဥတုဖောက်ပြန်တာလည်း မဟုတ်ဘူး၊ မုန်တိုင်းကြောင့်လည်း မဟုတ်ဘူး၊ အဓိကကတော့ သင်္ဘောဘော်ဒီ ညံ့တာရယ် သင်္ဘောသားတွေရဲ့ လာဘ်ပေးလာဘ်ယူမှု အလွဲသုံးစားလုပ်မှုတွေကြောင့်ရယ်၊ နောက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဖုတ်လေတဲ့ ငါးပိရှိတယ်လို့မှ မထင်အောင် လှည့်မကြည့်တဲ့ အတွက်၊ ဒီသုံးချက်ကြောင့် ဖြစ်ရတာ” ဟုလည်း ဦးဖေသန်းက ပြောသည်။
အမှန်တကယ် လိုက်ပါသည့် ခရီးသည်စာရင်းနှင့် အစိုးရက ထုတ်ပြန်သော စာရင်းများ ကွာခြားနေမှုကိုလည်း ၎င်းက ထောက်ပြသည်။
“အခု လူသေတွေ ရှာလို့ မရဘူး၊ သင်္ဘောထဲမှာ အများကြီးကျန်သေးတယ်၊ ပထမ ပြောတော့ ၂၁၄ ယောက်၊ စာရင်းပိတ်တော့ ၁၆၉ ယောက်ကယ်တယ်၊ ၃၅ ယောက် ပျောက်တယ်၊ သေတယ် အလောင်းရတယ်၊ စာရင်းကို တိနေတာပဲ၊ အခုမှ ထပ်တွေ့ တာတွေက စာရင်းထက် ပိုလာပြီ။ ၁၂၆ ပျောက်တာ မဟုတ်တော့ဘူး၊ ၁၃၀ ဖြစ်လာပြီ၊ သင်္ဘောက တစ်ခြမ်းစောင်းနေတယ်၊ အခန်းတွေထဲမှာ ပိတ်နေတာတွေ အများကြီးရှိသေးတယ်၊ အခု ကယ်ဆယ်ရေးလည်း ထိထိရောက်ရောက် မလုပ်နိုင်တော့ဘူး၊ ဒီအလောင်းတွေ ဘယ်တော့ဖော်မလဲ၊ မနေ့ က ကျွန်တော် ကြားရတာ ပြည်နယ်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပြောတယ်တဲ့။ ဒီသင်္ဘောကိုဆယ်ရင် အသစ်တစ်စင်းဝယ်တာထက်တောင် ကုန်ပါမယ်၊ မဆယ်တော့ဘူးတဲ့။ အဲဒီလိုပြဿနာဖြစ်နေတဲ့သင်္ဘောကို မဆယ်လို့ ဖြစ်မလား၊ ဘာကြောင့်ဖြစ်ရသလဲဆိုတာ အဲဒီသင်္ဘောမှာ ရှိတယ်”ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။
ထိုသို့ အစိုးရက အချက်အလက်မှားများ ထုတ်ပြန်ခဲ့ခြင်းအပေါ် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဒီ လိမ်ညာပြောဆိုမှုတွေ၊ မမှန်မကန်ပြော ဆိုမှုတွေကို ပြည်သူတွေ မကြိုက်ဘူး၊ ရခိုင်တိုင်းရင်းသားပဲဖြစ်ဖြစ် ဘယ်လိုတိုင်းရင်းသားပဲဖြစ်ဖြစ် လိမ်ညာပြောဆိုနေတာတွေကို ဘယ်သူမှမကြိုက်ဘူး။ အဖြစ်မှန်ဖော်ထုတ်တဲ့ နေရာမှာ အဖြစ်မှန်ရရှိအောင် ဆောင်ရွက်သွားဖို့ဆိုတဲ့ဟာလည်း ဒီနေ့ဆွေးနွေးတဲ့အခါမှာရရှိတဲ့ သင်ခန်းစာပဲ ဖြစ်ပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
အောင်တံခွန်သင်္ဘောကိစ္စကို ပို့ဆောင်ရေးဝန်ကြီးက ရှင်းပြအပြီးတွင် မြေပုံမြို့နယ်အမတ် ဦးဖေသန်းနှင့်အတူ ကျောက်ဖြူအမတ် ဦးဘရှင်၊ ပုဏ္ဏားကျွန်းအမတ် ဦးထွန်းအောင်ကျော်၊ ရသေ့တောင် အမတ် ဒေါ်ခင်စောဝေ၊ အမ်းမြို့နယ်အမတ် ဦးသိန်းဆွေနှင့် ကျောက်တော်မြို့နယ်အမတ် ဦးသာစိန်စသည့် ရခိုင်တိုင်းရင်းသား အမတ်များလည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment