Friday, March 27, 2015

အင်ဒိုနီးရှားတွင် လှောင်အိမ်ဖြင့်ချုပ်နှောင်ပြီး ခိုင်းစေခံ မြန်မာ နိုင်ငံသားများအတွက် သံရုံးများညှိနှိုင်းနေ

ကေဇူး

အင်ဒိုနီးရှားနိုင်ငံ ကျွန်းတစ်ကျွန်းတွင် လှောင်အိမ်ဖြင့်ချုပ်နှောင်ထားပြီး ခိုင်းစေခံရသည့် မြန်မာနိုင်ငံသားများအတွက် နှစ်နိုင်ငံ သံရုံးအချင်း ချိတ်ဆက်ကာ ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက မဇ္ဈိမကိုပြောသည်။

"အလုပ်သမား ဝန်ကြီးဌာနနဲ့ သံရုံးအဖွဲ့တွေက ဘယ်လို ဟိုဘက်ကို ချိတ်ဆက်ဆွေးနွေး နေပြီ၊တချို့က တရားမ၀င်သွားတဲ့ အခါကျတော့ ဒီလိုမျိုး တရားမဝင်ခံရတာတွေရှိတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

သို့သော်ထိုသို့ ဆွေးနွေးခြင်းသည် ရေတိုဖြေရှင်းခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဝင်အသိအမှတ်ပြုကတ်များ ရရှိရေး ဆက်ဆွေးနွေးရန် ရှိသေးသည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

"ထိုင်း၊မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ အားလုံးမှာ ထိုင်းနိုင်ငံမှာ လုပ်တဲ့နမူနာကိုယူပြီး အသိအမှတ်ပြု မှတ်ပုံတင်ကတ်တွေ ထုတ်ပေးနိုင်ဖို့ လုပ်နေတယ်။ တစ်ခုတည်းကို ပြောလို့မရဘူး အားလုံးကို တစ်ပြိုင်နက်ထဲ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲဆိုတာလည်း ဆက်လုပ်နေပါတယ်" ဟု သူကပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျင်နာကျွန်းပေါ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုကို ချုပ်နှောင်ထားပြီး ငါးဖမ်းလှေများတွင်ခိုင်းစေမှုများ အကြောင်းကို အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

ထိုအလုပ်သမားများကို ထိုင်းနိုင်ငံ မှတဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ခေါ်ဆောင်ခြင်းဖြစ်ပြီး ငါးဖမ်းလုပ်ငန်း များတွင် အဓမ္မခိုင်းစေချင်းဖြစ်သည်။

ထို့ပြင် မလေးရှားနိုင်ငံတွင် လည်းတရားမ၀င်ဖြစ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ကို မလေးရှား အစိုးရက ဖမ်းဆီးထားပြီး မြန်မာရေ တပ်သင်္ဘောဖြင့် ဖြင့်ပြန်လည် ခေါ်ဆောင်လာခဲ့ရပြီး မတ်လ ၂၉ ရက်တွင် မြန်မာနိုင်ငံကို ရောက်ရှိမည်ဖြစ်သည်။

တရားမဝင်ဖြစ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားအစိုးရက ထပ်မံဖမ်းဆီးရမိပါက ထပ်မံကူညီ မှုများပြုလုပ်သွားရန် ပြောကြားခဲ့သေးသည်။

No comments: