ကျော်စိုးမိုး
Father Land ဆောက်လုပ်ရေးကုမ္ပဏီနှင့် မြေပိုင်ရှင်တို့အမှုဖြစ်ပွားနေသည့် ပန်ဆိုးတန်းလမ်း၊ အမှတ် (၁၈၁)မှ (၁၈၇) တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီက ဆောက်လုပ်ထားသည့် အခန်းများကို ရန်ကုန်တိုင်း တရားလွှတ်တော်က ချိတ်ပိတ်လိုက်သည်ဟု အဆိုပါမြေပိုင်ရှင် ဦးစိုးမင်းထက်က ပြောသည်။
" ဒီအခန်းတွေ တစ်ခုခုဖြစ်မှာစိုးလို့ ကျွန်တော့်အမျိုးသမီးက တရားမမှုနဲ့ ရန်ကုန်တိုင်း တရားလွှတ်တော်ကို သွားလျှောက်တင်တာပါ။ ဒီနေ့ တိုင်းတရား လွှတ်တော်က တာဝန်ရှိသူတွေ လာပြီးတော့ ချိတ်ပိတ်မှာကို ဦးကျော်မြင့် သိရှိကြောင်း လက်မှတ်လာထိုးခိုင်းပါတယ် " ဟု ဦးစိုးမင်းထက်က မတ် ၁၉ရက်၊ လသာမြို့နယ် တရားရုံး၌ ရုံးချိန်းစစ်ဆေးပြီးချိန်တွင် ပြောသည်။
အဆိုပါတိုက်ခန်းများကို အမှုရင်ဆိုင်နေချိန်အတွင်း တစ်စုံတစ်ရာ မပြုလုပ်နိုင်ရန် ဦးစိုးမင်းထက်၏ အမျိုးသမီးဖြစ်သူ ဒေါက်တာ ဒေါ်စောရီက ၂၀၁၅၊ ဇန်နဝါရီအတွင်းပိုင်းတွင် ရန်ကုန်တိုင်း တရားလွှတ်တော်သို့ လျှောက်တင်ခဲ့ပြီး ရန်ကုန်တိုင်းတရား လွှတ်တော်က တရားမကြီးအမှတ် ၃/၂၀၁၅ ဖြင့် လက်ခံစစ်ဆေးကာ မတ် ၁၉ ရက်တွင် မြေကွက်ပေါ်ရှိ တိုက်ခန်းများကို ချိတ်ပိတ်ရန် Father Land ပိုင်ရှင် ဦးကျော်မြင့်ကို လာရောက် လက်မှတ်ရေးထိုးခိုင်းခြင်း ဖြစ်သည်။
"မြေကွက်ပေါ်မှာ ဆောက်လုပ်ထားတဲ့ တိုက်ခန်း ၄၈ ခန်းရှိပါတယ်။ ဆောက်ထားတာကမပြီးပြတ်သေးပါဘူး၊ ၄၄ ခန်းကို ချိတ်ပိတ်မယ်လို့ သိရပါတယ်" ဟု ဦးစိုးမင်းထက်က ဆိုသည်။
အဆိုပါတိုက်ခန်းအမှုအတွက် တရားလိုပြု တိုင်တန်းထားသည့် တရားလို ဦးစိုးမင်းထက်ကို မတ် ၁၉ ရက်၊ နံနက်ပိုင်းတွင် တရားရုံး၌ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး ၎င်းနှင့်ဦးကျော်မြင့်တို့ သဘောတူညီချက် ရယူထားသည့် မြေကွက်ပေါ်တွင် တိုက်ခန်းဆောက်လုပ်မည့် ပုံစံစာရွက်များကို သက်သေခံအဖြစ် တင်သွင်းခဲ့သည်။
အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဒေါ်ဆွေဆွေညိမ်းက " တစ်ဖက်ရှေ့နေက သက်သေခံအဖြစ်တင်တဲ့ တိုက်ခန်းဒီဇိုင်းစာရွက်မှာ တရားလိုလက်မှတ်မပါတဲ့အတွက် ကန့်ကွက်ပါတယ်။
ဒါပေမယ့်ဒီစာရွက်ဟာ ဦးကျော်မြင့်ကိုယ်တိုင်ယူပြီး ဦးစိုးမင်းထက်ဆီကို လာတာပါ။ နောက်ပြီး ဦးကျော်မြင့် ဒီဇိုင်းရေးဆွဲနေကျအဖွဲ့ရဲ့ တံဆိပ်ပါပြီး အဓိကသက်သေတစ်ခုဖြစ်တဲ့အတွက် တင်သွင်းတာပါလို့ တရားသူကြီးကို လျှောက်တင်လိုက်တော့ တရားသူကြီးက သက်သေအဖြစ် လက်ခံလိုက်ပါတယ်" ဟု ပြောသည်။
ကျောက်တံတားမြို့နယ် အမှတ် (၄) ရပ်ကွက်၊ ပန်းဆိုးတန်းအလယ်ဘလောက် အမှတ် ၁၈၁/၁၈၇ မြေပိုင်ရှင်ဖြစ်သူ ဦးစိုးမင်းထက်နှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ခေတ်မီလေးခန်းတွဲ ၁၂ ထပ်တိုက်ကို နှစ်နှစ်အတွင်း ဆောက်လုပ်ပေးရန် စာချုပ်ချုပ်ဆို အပ်နှံခဲ့ပြီး ကုမ္ပဏီဘက်မှ စိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ်အတုဖြင့် စည်ပင်ခွင့်ပြုချက်ရယူခဲ့သဖြင့် တိုင်းတန်းခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် မြေရှင်နှင့်ကုမ္ပဏီ သဘောတူညီချက်ထဲတွင် ၂၀၁၂ ခုနှစ်တွင် လူနေထိုင်ခွင့် ရမည်ဖြစ်သော်လည်း ယခုလေးနှစ်ကျော် ကြာမြင့်လာသည့်တိုင် ပြီးစီးအောင်ဆောက်လုပ်ပေးခြင်း မရှိ၍ အမှုဖွင့်တိုင်ကြားခဲ့သဖြင့် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကို ကျောက်တံတားမြို့မရဲစခန်းက (ပ)၃၆၂/၂၀၁၄၊ ပုဒ်မ-၄၂၀/၄၆၈၊ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုကို လသာမြို့နယ်တရားရုံးတွင် လသာမြို့နယ်တရားရုံးတွင် ပြောင်းလဲစစ်ဆေးရန် ၂၀၁၅၊ ဖေဖော်ဝါရီ ၉ ရက်တွင် အမိန့်ချခဲ့ပြီး မတ် ၁၉ ရက်တွင် တရားလိုကို စတင်စစ်ဆေးကာ လာမည့် မတ် ၂၆ သို့ ရုံးချိန်း ချိန်းဆိုထားပြီး တရားလိုကို ထပ်မံစစ်ဆေးမည် ဖြစ်သည်။
No comments:
Post a Comment