Wednesday, March 25, 2015

အတွင်ဝန်ရုံးအတွင်း မွေးနေ့ပါတီတစ်ခု ကျင်းပခဲ့မှုသည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ပတ်သက်ခြင်း မရှိဟုဆို

Mizzima

ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး) အတွင်း မွေးနေ့ပါတီတစ်ခု ကျင်းပခဲ့မှုသည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) အနေဖြင့် ပါဝင်ပတ်သက်ခြင်း မရှိဟု သတင်းထုတ်ပြန်လိုက်သည်။

ဝန်ကြီးများရုံးအတွင်း မွေးနေ့ဧည့်ခံပွဲများ ကျင်းပနေသည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာပြီးနောက် သမိုင်းဝင်နေရာတွင် ယခုကဲ့သို့ ပြုလုပ်ခြင်းကို လူအများက ဝေဖန်ခဲ့ကြသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကလည်း ''မွေးနေ့ပွဲ လုပ်တယ်ဆိုရင် ဒီလုပ်ရပ်ကို ကျွန်တော်လည်း မနှစ်သက်ပါ။ ဒီအဆောက်အဦ ပြုပြင်ထိန်းသိမ်းရေးကို ကိုသန့်မြင့်ဦးတို့ YHT နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပဲ နားလည်ထားပါတယ်။ ဒါ့ကြောင့် YHT အနေနဲ့ ပြန်သုံးသပ် သင့်တယ်လို့ ထင်ပါတယ်" ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန် ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး) အဆောက်အအုံကို ၂၀၁၁ ခုနှစ် (YHT မဖွဲ့စည်းမီ) တွင် အစိုးရက ပုဂ္ဂလိကသို့ လက်ပြောင်းခဲ့ရာတွင် အနော်မာအနုပညာအဖွဲ့က ပြတိုက်နှင့် ယဉ်ကျေးမှု အနုပညာစင်တာ အဖြစ် ပြန်လည်ပြောင်းလဲအသုံးချရန် အဆိုဖြင့် တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုဖြင့် MIC ၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရကနဦး ခွင့်ပြုချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

YHT အနေနှင့် မြို့ပြအမွေအနှစ် အဆောက်အအုံများနှင့်ပတ်သက်၍ ပြင်ဆင် ပြောင်းလဲ ပြန်လည် အသုံးပြု ခြင်းတို့အတွက် နိုင်ငံတကာကျင့်ထုံးများနှင့်အညီ အမွေအနှစ်ဆိုင်ရာ ထူးခြားမှုများ (heritage significance) များကို ဆန်းစစ်ကာ ပြန်လည် ပြောင်းလဲအသုံးပြုခြင်းများက သင့်တော် မတော် ချိန်ထိုးသည့် Conservation Management Plan (CMP)ကို အစိုးရအဖွဲ့၏ တာဝန်ပေး ချက် ဖြင့် ရေးဆွဲခဲ့ကြောင်း၊ အမွေအနှစ်တန်ဖိုးအရ အမြင့်မားဆုံးဖြစ်သည့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံ ရသည့် အလယ်ထပ်ရှိ ကက်ဘိနက်ခန်း၊ ၀င်းအလယ်တွင်ရှိ လူမျိုးစု လွှတ်တော် အဆောက် အအုံနှင့် အခြားသော သမိုင်းဝင်ရုံးခန်းများအပါအ၀င်ကို ပြတိုက်ပြခန်းများ အဖြစ် အများပြည်သူ ၀င်ရောက် ကြည့်ရှုနိုင်သော၊ မူလလက်ရာအတိုင်း ပြန်လည် မွမ်းမံမည့် နေရာများအဖြစ်သတ်မှတ်ပြီး ကျန်အထပ် များကို အခြားသော အနုပညာပြခန်းများနှင့် စီးပွားရေးဆိုင်ရာ အသုံးချမှုများအတွက် ပြန်လည်ပြု ပြင်ရန် CMP တွင် အကြံပြုဖော်ပြထားခဲ့ကြောင်း သိရသည်။

သမိုင်းဝင် အဆောက်အအုံကြီးကို နည်းစနစ်မှန်ကန်စွာ ပြန်လည်ပြုပြင်ကာ ဆက်လက်ရေရှည် တည်တံ့စေရန်နှင့် ပြည်သူအများ ပြန်လည် ၀င်ထွက်သွားလာနိုင်မည့် မြို့လယ်အထင်ကရနေရာကြီး တစ်ဖန်ပြန်လည်ပေါ် ထွန်းလာစေရန် YHT အနေဖြင့် လက်တွေ့အကောင်အထည်ဖော် ပြုပြင်ရေး နည်းပညာ ဆိုင်ရာ အကြံဥာဏ်နှင့် ဆက်စပ်သော လုပ်ငန်းအတတ်ပညာသင်တန်းများ ပူးပေါင်းအကောင်အထည်ဖော်ရန် အနော်မာအနုပညာအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသော် လည်း အဆောက်အအုံအား လက်ရှိတွင် စီမံခန့်ခွဲခြင်းမရှိ သကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မည်သည့်နေရာမှ ပါဝင်ခြင်း မရှိဟု သတင်းထုတ်ပြန်ထားသည်။

No comments: