ကျော်စိုးမိုး
လိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်က သင်္ဃန်းကျွန်း၊ ပြည်တော်သာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွင် တိုက်ခန်းဝယ်ယူထားသူများကို ခြောက်လအကြာတွင် စတင်ဆောက်လုပ်ပေးမည်ဟု ပြောကြားလိုက်သည်။
မတ် ၁ဝ ရက်၊ လသာမြို့နယ်တရားရုံးတွင် ကျောက်တံတားမြို့နယ်၌ တရားစွဲခံထားရသည့် အမှုကိစ္စအတွက် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ရုံးထုတ်လာချိန်တွင် ပြည်တော်သာတိုက်ခန်း ဝယ်ယူထားသူများက မေးမြန်းစဉ်တွင် ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာတွင် တိုက်ခန်းဝယ်ယူထားသည့် မနွယ်နီက "ဦးကျော်မြင့်က နောက်ခြောက်လကြာရင် တိုက်ခန်းကို ဆောက်ပေးမယ်လို့ ပြောပါတယ်။ အကယ်၍ အဆင်မပြေလို့ မဆောက်ဖြစ်ရင် တိုက်ခန်းဝယ်ထားတဲ့ သူတွေအားလုံးကို ငွေပြန်ပေးမယ်။ ဘယ်လို အစီအစဉ်နဲ့ ပေးမလဲဆိုတာကို ခြောက်လပြည့်ရင် ကြေညာသွားမယ်လို့ ပြောပါတယ်" ဟု ပြောသည်။
ဦးကျော်မြင့်၏ အခြေအနေကို စောင့်ကြည့်နေပြီး လက်ရှိအချိန်တွင် ၎င်းကို အမှုဖွင့်တရားစွဲဆိုရန် မရှိသေးကြာင်း ပြည်တော်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းဝယ်ယူထားသူများက ဆိုသည်။
မတ် ၁ဝ ရက် ရုံးချိန်းတွင် ကျောက်တံတားမြို့နယ်အမှုအတွက် တရားလိုနှင့် ၎င်း၏ ရှေ့နေမလာသဖြင့် ရုံးချိန်းကို မတ် ၁၉ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည်။
Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်၏ အမှုများကို စီအိုင်ဒီက စစ်ဆေးနေပြီး ၎င်းကို ကျောက်တံတားမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များအပြင် အခြားမြို့နယ်များ၌လည်း လိမ်လည်မှုများ ကျူးလွန်သဖြင့် အမှုဖွင့်ပြီး တရားစွဲဆိုကြမည့် သူများရှိသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းနှင့် နီးစပ်သူအချို့က ဆိုသည်။
No comments:
Post a Comment