အောင်ကိုဦး
မတ်လ ၁၀ ရက်က လက်ပံတန်းတွင် ပင်မကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းရာ၌ ကျောင်းသားများနှင့် ဝန်းရံသူများအပြင် မီဒီယာသမားများကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုများ ရှိသောကြောင့် မတ်လ ၂၁ ရက်တွင် လွတ်လပ်သော သတင်းသမားများ သမဂ္ဂအဖွဲ့ (အထက်မြန်မာပြည်) က ဆန္ဒဖော်ထုတ်သွားမည်ဟု သမဂ္ဂအဖွဲ့ဝင်၊ မြန်မာနိုင်ငံသတင်း စာဆရာများအသင်း၊ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ၊ မန္တလေးခေတ် အယ်ဒီတာချုပ် ကိုမင်းဒင်က မဇ္ဈိမကို ပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် မန္တလေးမြို့၌ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အမှန် တရားလိုလားသူများ၊ ကျောင်းသား မိဘများနှင့်အတူ လွတ်လပ်သည့် သတင်းသမားများ သမဂ္ဂအဖွဲ့လည်း ပူးပေါင်းပါဝင် သွားမည်ဟု ၎င်းက ဆိုသည်။
ကိုမင်းဒင်က "လက်ပံတန်းအကြမ်းဖက်မှုမှာ ကျွန်တော်တို့ သတင်းထောက်တွေကိုပါ ပစ်မှတ်ထား ရိုက်နှက်ဖမ်းဆီးတာတွေ ခံရတယ်။ ဒါကြောင့် ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ကြတယ်။ ဆန္ဒဖော်ထုတ်တာကို သီးခြားမလုပ်ဘဲနဲ့ အခုလို အားလုံးနဲ့ ပူးပေါင်းပါဝင်ရတာကတော့ မီဒီယာသမားဟာ အားလုံးနဲ့ တစ်သားတည်းရှိတယ်ဆိုတာ ပြချင်လို့ပါ" ဟု ပြောသည်။
ထိုသို့ ပူးပေါင်းဆန္ဒပြရာတွင် "မီဒီယာသမားများကို အကြမ်းဖက်သည့် ပြည်ထဲရေးဝန်ကြီး အခုထွက်ပေး" ''ကျောင်းသားများအား အကြမ်းဖက်သူများ ဖော်ထုတ်အရေးယူပေး" "မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်" စာသား ပါပိုစတာများ ကိုင်သွားမည်ဟု ၎င်းက ဆိုသည်။
အဓိပတိဂျာနယ်မှ မန္တလေးသတင်းတာဝန်ခံ ကိုလပြည့်က "၂၀၁၅ မှာဖြစ်မယ့် အခင်းအကျင်းအမျိုးမျိုးမှာ သတင်း ထောက်တွေအနေနဲ့ သတင်းယူနေရဦးမှာပဲ။ သတင်းတွေ ယူနေရဦးမှာဆိုတော့ နောက်ထပ် မီဒီယာကို အကြမ်းဖက်တဲ့ အနေအထားမျိုးကို လက်မခံဘူး။ ထပ်မလုပ်ဖို့လည်း တောင်းဆိုမယ်။ လက်ပံတန်းဖြစ်စဉ်ကတော့ ထင်သာမြင်သာ ဖြစ်လာတယ်။ မီဒီယာတွေလည်း သတိထားပေါ့ဆိုတဲ့အချိုး လုပ်ပြလိုက်တာပဲ။ ဒါကို ကျွန်တော်တို့ သတင်းထောက်တွေအနေနဲ့ သတိထားရမယ်'' ဟု ပြောသည်။
DVB သတင်းထောက် ကိုကျော်ဇေဝင်း (ခ) ကိုစူပါကလည်း ''မီဒီယာကို အကြမ်းဖက်တာကတော့ အရင်ကလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ပံတန်းအရေးမှာတော့ သိသိသာသာကို လုပ်ပြခဲ့တာပဲ။ ကျွန်တော့်အမြင်ကတော့ သိသိကြီးနဲ့ လုပ်လိုက်တာလို့ မြင်တယ်။ အဲဒီလိုတွေလုပ်တာကို ကန့်ကွက်တဲ့အနေနဲ့ ကျွန်တော်တို့ပါ ပူးပေါင်းဆန္ဒပြဖို့ စီစဉ်လိုက်တာပဲ'' ဟု ပြောသည်။
ထိုသို့ ပူးပေါင်းဆန္ဒပြရန် မန္တလေးမြို့ရှိ သတင်းထောက်များက မတ်လ ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၆၆ လမ်းရှိ ရွှေပြည်မိုး ကဖေး၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်၍ သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
လွတ်လပ်သော သတင်းများသမဂ္ဂအဖွဲ့(အထက်မြန်မာပြည်)ကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့သည်။ ဆန္ဒပြရာတွင် မန္တလေး သတင်းထောက် ၆၀ ကျော် ပါဝင်သွားမည်ဟု EPA သတင်းဌာနမှ ကိုပြည့်စုံအောင်က ပြောသည်။
No comments:
Post a Comment