နန်းမြင့်
ယာဉ်မှုခင်းများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် သင်္ကြန်ကာလ မတိုင်မီကပင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို တိုးမြှင့်ဖမ်းဆီး အရေးယူသွားမည်ဟု အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲခွဲရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောသည်။
သင်္ကြန်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် မူးယစ်သောက်စားခြင်းနှင့် သတ်မှတ်ထားသည့် ယာဉ်ခံနိုင်ဝန်အားထက် ပိုမိုတင်ဆောင်ခြင်းများကိုယခုရက်ပိုင်းကစပြီး အရှိန်မြှင့် ဖမ်းဆီးဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်ထိန်းရဲများမှ အဖွဲ့လိုက် စစ်ဆေးအရေးယူသွားမည်ဖြစ်သည်။
ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ''ဒီနှစ်အနေအထားက မနှစ်ကထက်ဆိုင်ရင် ယာဉ်ပိုများလာတယ် ယာဉ်အန္တရာယ်ဖြစ်မှု ပိုများလာနိုင်တယ်ဟု''သုံးသပ်ပြောသည်။
အဆိုပါ သင်္ကြန်ကာလတွင်လည်း ယာဉ်ထိန်းရဲ အင်အား တိုးမြှင့်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
၎င်းက ''မူးယစ်သောက်စားပြီး မောင်းရင် လူအသက်တွေ အများကြီး ထိခိုက်နိုင်တယ်။ ရေပတ်ခံကားတွေက လူတွေအများကြီးပါတယ်။ တစ်ဖက်က ပညာပေးသွားသလို တစ်ဖက်ကလည်း ဖမ်းဆီးအရေး ယူသွားမယ်''ဟု ပြောသည်။
မတ်လ ၁၃ရက်မှ ၁၉ရက်အထိ ရန်ကုန်တိုင်းတွင် ယာဉ်တိုက်မှု ၆၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာ ရရှိသူ ၁၀၂ ဦး ရှိခဲ့သည်။
No comments:
Post a Comment