Friday, March 20, 2015

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ၏ သားအမှု တရားလိုပြ သက်သေနှစ်ဦး စတင်စစ်ဆေး

ကျော်စိုးမိုး

ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် ဝင်းအတွင်းသို့ ဝင်ရောက်ပြီး သေနတ် ပစ်ဖောက်ခဲ့သည့်အတွက် တရားစွဲဆိုခံထားရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ၏ သား ဦးအောင်အောင်ဦး၏ အမှုအတွက် တရားလိုပြ သက်သေနှစ်ဦးကို မတ် ၁၂ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က ဒဂုံမြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့သည်။

ဦးအောင်အောင်ဦးကို ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ ဗိုလ်မှူး နေလင်းအောင်က တရားလိုပြု လုပ်၍ ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃၊ ဒဂုံမြို့မရဲစခန်း၊ စခန်းမှူး ဒု-ရဲမှူးသောင်းစိန်က တရားလိုပြု၍ လက်နက်ဥပဒေပုဒ်မ-၁၉(င)/၁၉(စ) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

မတ်လ ၁၂ရက် ရုံးချိန်းတွင် တရားလိုပြသက်သေနှစ်ဦးဖြစ်သည့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်မှ ဒု-အရာခံဗိုလ်ဝင်းဦးနှင့် တပ်ကြပ်ကြီးမြင့်ခိုင်တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးရာတွင် အခင်းဖြစ်ပွားသည့်အချိန် အိပ်ပျော်နေစဉ် ကားဟွန်းတီးသံအဆက်မပြတ် ကြားသဖြင့် အပြင်သို့ထွက်ကြည့်ရာ အနက်ရောင်ကား တစ်စီးပေါ်တွင် အမျိုးသားတစ်ဦးမှာ အဆက်မပြတ် ဟွန်းတီးနေခြင်းဖြစ်ပြီး အဘယ်ကြောင့် ဟွန်းတီးသည်ကို မေးမြန်းစဉ်တွင် အဆိုပါကားပေါ်မှ အမျိုးသားက ‘‘တီးတော့ ဘာဖြစ်လဲ’’ ဟုဆိုကာ ကားပေါ်မှဆင်းလာခြင်းဖြစ်ကြောင်း တရားလိုပြသက်သေ တစ်ဦးဖြစ်သည့် ဒု-အရာခံဗိုလ်ဝင်းဦးက တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ထိုသို့ ကားပေါ်မှ ဆင်းလာပြီးနောက် စွပ်စွဲခံထားရသည့် ဦးမောင်မောင်ဦးက ဒု-အရာခံဗိုလ် ဝင်းဦးထံသို့ လျှောက်လာသဖြင့် ရန်ပြုမည်ကို စိုးရိမ်သည့်အတွက် အနီးရှိ တုတ်တစ်ချောင်းကို ကိုင်လိုက်စဉ် ဆယ်ပေခန့် အကွာသို့ အရောက်၌ ဦးမောင်မောင်ဦးက သေနတ်ကို မိုးပေါ်ထောင်ကာ ပစ်ဖောက်ခဲ့သည်ဟု ၎င်းက ထပ်မံထွက်ဆိုခဲ့သည်။

ထို့ပြင် တရားလိုပြသက်သေ နှစ်ဦးဖြစ်သည့် ဒု-အရာခံဗိုလ် ဝင်းဦးနှင့် တပ်ကြပ်ကြီး မြင့်ခိုင်တို့က ဦးမောင်မောင်ဦးကို ယခင်က မြင်တွေ့ဖူးခြင်း မရှိပါဟု ထွက်ဆိုခဲ့သည်။

အမှုဖြစ်စဉ်မှာ ရန်ကင်းမြို့နယ်၊ ဘောက်ထော် ၁၆ ရပ်ကွက်တွင် နေထိုင်သည့် ဒုတိယဗိုလ် ချုပ်ကြီးဟောင်း ကျော်ဘ၏ သားဖြစ်သူ ဦးအောင်အောင်ဦးသည်၂၀၁၄ နိုဝင်ဘာ ၂၇ ရက်က ကိုယ်ပိုင်ယာဉ်ဖြင့် GE တပ်ဝင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး သေနတ်ကို မိုးပေါ်ထောင်ပစ်ဖောက်ခဲ့ခြင်း၊ ကားဟွန်းအဆက်မပြတ် တီးခြင်း၊ ဝင်းအတွင်းနေထိုင်သည့် တပ်သားများနှင့် လုံးထွေး သတ်ပုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပုဒ်မ နှစ်ခုဖြင့် တရားစွဲခံထားရသူဖြစ်သည်။

၎င်း၏ ကားပေါ်မှ သေနတ် နှစ်လက်၊ ကျည်ကတ် တစ်ကတ်၊ ခေါက်ဓား တစ်ချောင်းနှင့် စတီးတုတ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်အတွက် ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုကြီးအမှတ် ၂၇၅/၁၄ ပြစ်မှုပုဒ်မ ၃၅၃၊ ပြစ်မှုကြီး အမှတ် ၂၇၆/၁၄၊ လက်နက်ဥပဒေပုဒ်မ-၁၉(င)/၁၉(စ) ဖြင့် လက်ခံစစ်ဆေးနေပြီး လာမည့် မတ် ၂၃ ရက်တွင် အဆိုပါ အမှုကို ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်။

No comments: