စိုးသန်းလင်း
အခြေခံဝန်ထမ်းလစာအား ၆ဝ ရာခိုင်နှုန်း၊ ညွှန်ကြားရေးမှူးချုပ် ၁ဝဝ ရာနှုန်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၁၅ဝ ရာခိုင်နှုန်း ယခင်ထက် တိုးပေးလိုက်သည့် ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြုပြီး ဖြစ်သော လစာနှုန်းထားအသစ်များကို ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ရှင်းလင်းတင်ပြခဲ့သည်။
“အနိမ့်ဆုံးလစာကို ကျပ် ၁၂ဝ,ဝဝဝ၊ အမှုထမ်းများအတွက် နှစ်တိုးကို ကျပ် နှစ်ထောင်နှုန်းနဲ့ ငါးကြိမ်ပေးဖို့ ဖြစ်ပြီး တစ်ဆင့်နဲ့တစ်ဆင့်ကို ငါးထောင်ကျပ် တိုးမြှင့်ထားပါတယ်၊ အမှုထမ်းမှ အရာထမ်းသို့ ခြားနားလစာမှာ ကျပ် သုံးသောင်းဖြစ်ပြီး အရာထမ်းများအတွက် နှစ်တိုးကို ကျပ် လေးထောင်နှုန်းနဲ့ ငါးကြိမ်ပေးဖို့နဲ့ ရာထူးတစ်ဆင့်နဲ့တစ်ဆင့်ကို ကျပ် တစ်သောင်းဖြင့် ညွှန်ကြားရေးမှူးအဆင့်ထိ တိုးမြှင့်ထားပါတယ်၊ အမြင့်ဆုံးလစာကို ကျပ်ငါးသိန်းနဲ့တွက်ချက်ထားပြီး အနိမ့်ဆုံးနှင့် အမြင့်ဆုံးလစာ ကွာခြားချက်မှာ ၄ ဒသမ ၂ ဆ ဖြစ်ပါတယ်” ဝန်ကြီးက ခြုံငုံတင်ပြခဲ့သည်။
ယခုလစာနှုန်းထားသစ်များ စတင်ခံစားသည်မှစပြီး ယခင်က ခံစားခွင့်ပြုထားသော လစဉ် ထောက်ပံ့ကြေးငွေ ကျပ်သုံးသောင်းကို ပယ်ဖျက်ကြောင်းလည်း ဝန်ကြီး၏ တင်ပြချက်တွင် ပါရှိသည်။
တင်ပြချက်များအရ အခြေခံဝန်ထမ်းသည် ယခင် ၁ဝ၅,ဝဝဝ ကျပ် (လစာရင်း ၇၅,ဝဝဝ ကျပ်နှင့် ထောက်ပံ့ကြေး ၃ဝ,ဝဝဝ) ရခဲ့ရာမှ ယခု ၁၂ဝ,ဝဝဝ ရရှိပြီး ထောက်ပံ့ကြေးမရှိတော့သဖြင့် လစာရင်းမှာ ၆ဝ ရာခိုင်နှုန်း တိုး သော်လည်း ဝင်ငွေသည် ၄ ဒသမ ၈ ရာခိုင်နှုန်းခန့်သာ တိုးလာခြင်းဖြစ်သည်။
ယခင် ကျပ်နှစ်သိန်းခွဲရခဲ့သော ညွှန်ချုပ်သည် ယခု ငါးသိန်း၊ လစာ ၁၂ သိန်းရခဲ့သော တပ်ချုပ်သည် ယခု သိန်း ၃ဝ ဖြစ်လာသဖြင့် မူရင်းလစာအားဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ၁၅ဝ ရာခိုင်နှုန်း အသီးသီးရလာကြသည်။
ထိုသို့ အခြေခံဝန်ထမ်းနှင့် ဝန်ထမ်းအကြီးအကဲများကြား လစာတိုးသည့် ရာခိုင်နှုန်း သိသိသာသာ ကွာခြားနေရခြင်းကို မဇ္ဈိမက ဘဏ္ဍာရေး ဝန်ကြီးအား မေးသည့်အခါ ဦးဝင်းရှိန်က “အဓိက ကတော့ ဒီလစာကို နောက်အစိုးရလက်ထက်မှာလည်း ဆက်ပေးနိုင်အောင် စဉ်ဆက်မပြတ်သွားနိုင်ဖို့ ကို ကျွန်တော်တို့ စီစဉ် ရပါတယ်။ အခုမေးသလို အောက်ခြေမှာတော့ ဒီလောက် မတိုးဘူးလားလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလောက်ပေးတဲ့ ပမာဏကြီးကို နောင်အစဉ်အဆက်ကို ပေးနိုင်ဖို့အတွက်ကလည်း ကျွန်တော်တို့အမြဲတမ်း စဉ်းစားတွက်ချက်ရတာ ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။
တိုးပေးမှု ရာခိုင်နှုန်းသည် လစာနည်းအခြေခံဝန်ထမ်းများအတွက် ပိုများသင့်သည်ဟု လွှတ်တော် အပါအဝင် အများပြည်သူတို့ မျှော်လင့်ထားသော်လည်း လက်တွေ့ ၌ ဝန်ထမ်းအကြီးအကဲတို့အတွက် တိုးသည့်ရာခိုင်နှုန်း က ပိုများနေခြင်းနှင့် ပတ်သက်ပြီး ထပ်မေးသည့်အခါ ဘဏ္ဍာရေးဝန်ကြီးက “လစာတိုးတာနဲ့ အတူ ဒေသစရိတ်ပေးတာ၊ ပင်စင်လစာစတဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုလည်း စဉ်းစားရပါတယ်။ ဒီလို ဆက်စပ်လုပ်ငန်းတွေအားလုံး စဉ်းစားပြီး နိုင်ငံတော်အနေနဲ့ ဘယ်လောက်အထိ သုံးမလဲဆိုတာ တွက်ချက်ရပါတယ်။ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ အရပ်ဘက်ဝန်ထမ်းတွေ စက်ရုံအလုပ်ရုံ ဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းတွေရဲ့ လစာတွေနဲလည်း ဆက်စပ်နေတဲ့အတွက် သင့်တင့်မျှတစွာ လိုက်ပါဆောင်ရွက်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် နိုင်ငံ့ဝန်ထမ်းလစာတွေ တိုးဖို့ ဘက်စုံက စဉ်းစားခဲ့ရပါတယ်။ ဝန်ထမ်းလစာဆိုတာကတော့ အဆင့်လိုက်ခံစားရတဲ့ ကဏ္ဍဖြစ်ပါတယ်၊ အဆင့်လိုက် ကွာခြားချက် တွက်ရတာ ဖြစ်ပါတယ်။ တစ်ခါတည်း တစ်ပြိုင်နက်တည်း တဘရိတ်ခ်တည်း အားလုံးကို တိုးလို့ မရပါဘူး” ဟု ဖြေကြားခဲ့သည်။
ထောက်ပံကြေးငွေကျပ် သုံးသောင်းခံစားခွင့်ကို ပယ်ဖျက်ရခြင်း နှင့်ပတ်သက်၍လည်း ၎င်းက “ရှားပါးစရိတ်ဆိုတာ အရင်တုန်းက ယာယီအနေနဲ့ ပေးတာဖြစ်ပါတယ်၊ သို့သော် ဘာကြောင့် ရှားပါးစရိတ်ပေးသလဲ ဆိုတာကို ပြန်သုံးသပ်ရမယ်။ လစာထဲမှာ ဘာကြောင့် ထည့်မတွက်သလဲ၊ အဓိက အချက်ကတော့ အဲဒီအခြေအနေ အဲဒီအနေအထားအရ သုံးသောင်းထည့်လိုက်တာနဲ့ ပင်စင်ပေးရပါတယ်။ ဟိုတုန်းက အပိုထောက်ပံ့ကြေးပဲဖြစ်လို့ ပင်စင်ထဲမှာ ထည့်မတွက်ထားဘူး။ ဟိုတုန်းကတော့ ၇၅,ဝဝဝ ပေါ်မှာ အခြေခံ တွက်ရတယ်။ အခုက ၁၂ဝ,ဝဝဝ ပေါ်မှာ ပင်စင်ကို တွက်ရတော့ ကုန်ကျစရိတ်က ပိုများလာလို့ ပါ။ အဓိကကတော့ နိုင်ငံတော်မှာ နိုင်ငံ့ဝန်ထမ်း လစာတိုးရင် တစ်ဘက်တည်းကို ကြည့်တာ မဟုတ်ပါဘူး၊ ဖြစ်လာနိုင်တာတွေကို ဘက်စုံကြည့်ရပါတယ်။ အလုပ်သမားကိစ္စတွေ၊ အနိမ့်ဆုံး လစာကိစ္စတွေ ရှိနေပါတယ်” ဟု ရှင်းလင်းဖြေကြားသည်။
ထို့ အပြင် ဝန်ထမ်းများသည် သင့်တင့်မျှတသည့် လစာများတိုးလာသကဲ့သို့ အလုပ်တွေကိုလည်း ပိုလုပ်ရမယ်ဆိုတာ တင်ပြလိုကြောင်း၊ ထို့အတူ မှန်ကန်သည့် အင်အားတွေဖြစ်ဖို့  အင်အားတွေ ဖောင်းပွခြင်းမဖြစ်ဖို့အတွက် နေ့စားဝန်ထမ်းခန့်ဖို့ အမြဲတမ်း ဝန်ထမ်းခန့်ဖို့ ကိစ္စများတွင် ပြန်လည်စိစစ်ရ မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ကုန်ကျစရိတ်များကို ကာမိနိုင်မည့် စစ်ဆေးကြီးကြပ်မှုများကို ဆောင်ရွက် ရမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောကြားသည်။
No comments:
Post a Comment