Mizzima
လောက်ကိုင်မြို့နှင့် ၂ ကီလိုမီတာခန့်အကွာ နန်တိင်းမန်တောင်ပေါ်တွင် မတ်လ ၁ဝ ရက်က တိုက်ပွဲဖြစ်ပွား ခဲ့ရာတွင် ဒေသခံ ကလေး နှစ်ဦးသေဆုံးခြင်းသည် မြန်မာစစ်တပ်ဘက်မှ မော်တာကျည်များဖြင့် ပစ်ခတ်ခြင်းကြောင့်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မတ်လ ၁၇ ရက်၌ ထုတ်ပြန်လိုက်သည်။
တိုက်ပွဲများဖြစ်ပွားခဲ့သည့် ထိုနေ့နံနက် ၁ဝ နာရီခန့်တွင် ပစ်ခတ်လိုက်သည့် မော်တာကျည်တစ်လုံးမှာ လောက်ကိုင်မြို့၊ ကျင်ရှန်ချန်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံး၏ ခြံဝင်းတွင်း ကျရောက်ခဲ့သဖြင့် ကစားနေသည့် အသက်ရှစ်နှစ်နှင့် အသက် ၁၁ နှစ် ညီအစ်ကိုနှစ်ဦး သေဆုံးခဲ့ပြီး အသက် ခြောက်နှစ်အရွယ် မိန်းကလေးဒဏ်ရာများရရှိခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု အဆိုပါမဏ္ဍိုင်က ဆိုထားသည်။
အဆိုပါသေဆုံးသည့် ကလေးများမှာ မတ်လ ၈ ရက်က ဒုက္ခသည်စခန်းမှ နေအိမ်သို့ပြန်လာသည့် မိသားစုတစ်စုမှ ကလေးများဖြစ်သည်။
ထို့ပြင် မတ်လ ၈ ရက် ညနေ ၆ နာရီခန့်တွင် မြန်မာစစ်တပ်ဘက်မှ စစ်သား ခြောက်ဦးမှာ နယ်စပ်နှင့် ငါးကီလိုမီတာခန့် ဝေးကွာသည့် ရှီးမရှန်ရွာတွင် နေထိုင်သည့် အသက် ၈ဝ နှစ် အဘွားအိုအိမ်သို့ ဝင်ရောက်ကာ အိမ်အတွင်းရှိ ပစ္စည်းများကို မွှေနှောက်ယူဆောင်ခဲ့ပြီး အဆိုပါနေအိမ်မှ အဘွားအိုအား မြန်မာစစ်တပ်ဘက်မှ တပ်သားများက ရိုက်နှက်ခဲ့ခြင်းကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် တရုတ်နိုင်ငံဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာစစ်တပ်ဘက်မှ ဆက်လက်လုပ်ဆောင်နေခြင်းများကို ကန့်ကွက်ရှုတ်ချကြောင်း၊ စစ်တပ်က အထက်ပါပြစ်မှုများ ကျူးလွန်နေခြင်းကို အရေးယူခံရမှု တစ်စုံတရာမရှိဘဲ ဒေသအတွင်း ဆက်လက်ကျူးလွန်နေကြောင်း၊ စစ်ဘေးသင့် ဒုက္ခသည်ဒေသခံများကို ယင်းဒေသအတွင်းသို့ ပြန်ရန် မြန်မာစစ်တပ် အာဏာပိုင်များက ခိုင်းစေဖိအားပေးမှုများကိုလည်း ရပ်ဆိုင်းရန်တောင်းဆိုသည်ဟူ၍ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကိုလည်း ကိုးကန့်ဒေသအတွင်း စစ်ဘေးသင့်ဒုက္ခသည် ဒေသခံပြည်သူများအား လူသားချင်းစာနာ ထောက်ထားသည့် အကာအကွယ် အထောက်အပံ့များ ကယ်ဆယ်ရေးများဖြင့် ကူညီထောက်ပံ့ရန် ဒေသအတွင်း ချက်ချင်းဝင်ရောက်နိုင်ရန် တွန်းအားပေးမှုများ ကြိုးပမ်းလုပ်ဆောင်မှုများပြုလုပ်ရန် အကြံပြုတောင်းဆိုထားသည်။
ကိုးကန့် လက်နက်ကိုင်များနှင့် အစိုးရတပ်မတော်တို့ မတ်လ ၁၃ ရက် ညနေပိုင်းက တိုက်ပွဲ ကြောင့် ယူနန်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံသားများ သေဆုံးဒဏ်ရာရခဲ့သည့်အတွက် မတ်လ ၁၅ ရက်က မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့က အခင်းဖြစ်ပွားရာ နေရာသို့ မြေပြင်ပမာဏသွားရောက် စစ်ဆေး စုံစမ်းမှုများ ပြုလုပ်နေကြောင်း မြန်မာအစိုးရကလည်း ထုတ်ပြန်ကြေညာထားသည်။
No comments:
Post a Comment