Wednesday, March 25, 2015

ရခိုင်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ကွက် လေးကွက်၌ ကန်ဒေါ်လာ တစ်ဘီလီယံကျော် မြှုပ်နှံသွားမည်

သီဟကိုကို

BG Exploration & Production အပါအ၀င် ပူးပေါင်းကုမ္ပဏီများမှ ရခိုင်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကွက် လေးကွက်တွင် ကန်ဒေါ်လာ ၁,၀၈၀ ဒသမ ၆ သန်း သုံးစွဲသွားမည်ဟု စွမ်း အင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

BG ကုမ္ပဏီသည် ရခိုင်ကမ်းလွန် ရေတိမ်ပိုင်းတွင် လုပ်ကွက် နှစ်ကွက်၊ ရေနက်ပိုင်းတွင် လုပ်ကွက် နှစ်ကွက်တို့တွင် ရေနံနှင့် ဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိထားပြီး အဆိုပါလုပ်ကွက်များကို BG ကုမ္ပဏီနှင့် Woodside Energy ၊ Myanmar Petroleum တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ရေတိမ်ပိုင်းလုပ်ကွက် နှစ်ကွက်အတွက် လေ့လာရေးကာလတစ်နှင့် ရှာဖွေရေးခြောက်နှစ်အတွင်း ဆောင်ရွက်နိုင်ရေးအတွက် ကန်ဒေါ်လာ ၅၄၅ ဒသမ ၅ သန်းသုံးစွဲသွားမည်ဖြစ်ပြီး ရေနက်လုပ်ကွက် နှစ်ကွက် အတွက် လေ့လာရေးကာလ နှစ်နှစ်နှင့် ရှာဖွေရေးကာလ ခြောက်နှစ်ဆောင်ရွက်ရေးအတွက် ကန်ဒေါ်လာ ၅၃၅ ဒသမ ၁ သန်း သုံးစွဲသွားမည်ဖြစ်သည်။

ရခိုင်ကမ်းလွန်ရေတိမ်လုပ်ကွက်များဖြစ်သည့် A-4 ၊ A-7 ၊ ရေနက်ပိုင်းလုပ်ကွက်များဖြစ်သည့် A-2၊ A-D-5 တို့ကို စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်အတွင်း တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် လုပ်ကိုင်ခွင့်များ ချထားပေးခဲ့ဖြစ်သည်။ အဆိုပါလုပ်ကွက်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၅ ဖေဖော်ဝါရီလတွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုပေးခဲ့ပြီး လုပ်ကိုင်ခွင့်ရကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာနတို့သည် မတ်လ ၂၀ ရက်တွင် လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့သည်။

အဆိုပါရခိုင်ကမ်းလွန်လုပ်ကွက်များအတွက် စွမ်းအင်ဝန်ကြီးဌာနမှ စာချုပ်များ လက်မှတ်ရေးထိုးခြင်း အတွက် Signature Bonus ကန်ဒေါ်လာ သန်း ၈၀ ကျော် ရရှိမည် ဖြစ်သည်။

No comments: