ဖနိဒါ
အစိုးရ နှင့် အန်စီစီတီတို့ တစ်နိုင်ငံလုံးအပစ်ရပ်ရေးအတွက် ဆွေးနွေးနေချိန်တွင် မြန်မာအစိုးရ စစ်တပ်နှင့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တို့အကြား လေးရက်ကြာ တိုက်ပွဲများ ပြင်းထန်နေကာ နှစ်ဖက် ထိခိုက်ဒဏ်ရာများ ရှိနေသည် နှစ်ဖက်လုံးက ထုတ်ဖော်ပြောကြားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က နှစ်ရက်ခန့် တိုက်ပွဲမဖြစ်ပွားခဲ့ခြင်း မရှိဘဲ မတ် ၁၆ ရက်တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ခြင်းနှင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မတ်လ ၁၉ ရက်တွင် လောက်ကိုင်မြို့၏ အရှေ့တောင်ဘက် ခုတ်ထန်ဒေသဘက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။
“ဒီနေ့ မနက် ၉ နာရီခွဲလောက်က စဖြစ်တယ်။ အစိုးရဘက်က လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ မနေ့က လေယာဉ်နဲ့တိုက်တာက ကုန်းကြမ်းဘက်မှာဖြစ်တာ။ တမြန်နေ့ကလည်း တိုက်ပွဲက တော်တော် ပြင်းထန်တယ်၊ အစိုးရဘက်က အခုဖြစ်နေတဲ့ လောက်ကိုင်ရဲ့ အရှေ့တောင်ဘက်မှာ လေယဉ် မသုံးတဲ့နောက်မှာ ကြည်းတပ်တွေ၊ လက်နက်ကြီးတွေ အများကြီး တိုးပြီးတော့ သုံးပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
မတ်လ ၁၇ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အစိုးရဘက်က စစ်သား ၇၀ ကျော်ခန့် ကျဆုံးပြီး ဒဏ်ရာရသူ ၇၀ ကျော်ခန့်ရှိကာ MNDAA ဘက်က ၁၀ ဦးခန့် သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ သို့သော် အစိုးရဘက်ကမူ မတ်လ ၁၇ရက်က တိုက်ပွဲအတွင်း အစိုးရဘက်က အရာရှိ နှစ်ဦး ကျဆုံးခဲ့ကာ စစ်သည် ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထိုနေ့က ထုတ်ပြန်ခဲ့သည်။
မတ်လ ၁၉ရက်တွင်မူ ကုန်းကြမ်းမြို့ မြောက်ဘက် လော်ကွာကျိုင်းကျေးရွာ အရှေ့ဘက် မာလုရွှေကျေးရွာအနီး အစိုးရတပ်မတော်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း တပ်မတော်မှ စစ်သည် တစ်ဦး တစ်ဦး ကျဆုံးပြီး ၃၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
လက်ရှိ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုချိန်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းသဖြင့် နိုင်ငံရေး ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းနိုင်မည် မဟုတ်သော်လည်း အစိုးရဘက်မှ ဆက်လက် ထိုးစစ်ဆင်နေပါက ၎င်းတို့ဘက်လည်း ဆက်လည်း ခုခံသွားမည် ဖြစ်ကြောင်း ဦးထွန်းမြတ်လင်းကပြောသည်။
“တိုက်ပွဲက ဆက်ပြီး ပြင်းထန်မယ့် အလားအလားရှိတယ်။ သူတို့ အစိုးရက ကျိန်းဝါးထားတယ်။ MNDAA ကို အပြတ် တိုက်မယ်တို့၊ အပြတ်ရှင်းမယ်တို့။ ကျွန်တော်တို့က ခံစားရတာပေါ့။ ကျွန်တော်တို့လည်း တိုင်းရင်းသားတွေထဲက တစ်မျိုးပဲ။ ဘာကြောင့် ကျွန်တော်တို့ကို သဲသဲမဲမဲ ဖြစ်နေလဲ။ အစိုးရစစ်တပ်က တနေရာကို အင်အား ၁၀၀၀ လောက်နဲ့ တိုက်နေတာ။ ကျနော်တို့ နားမလည်နိုင်တော့ဘူး။ ကျွန်တော်တို့ကတော့ အစိုးရဘက်က ဆက်ပြီး ထိုးစစ်ဆင်ရင် ကျွန်တော်တို့လည်း ဆက်ပြီးတော့ ခုခံရုံပဲ ရှိပါတယ်”ဟု သူက ပြောသည်။
လက်ရှိတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်ရေးစာချုပ်ကို ဆွေးနွေးလျက်ရှိပြီး ပထမဆုံး ဆွေးနွေးသည့် မတ်လ ၁၇ရက်က ကိုးကန့်တပ် နှင့် တပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲကိစ္စများကို ဆွေးနွေးခဲ့သေးသည်။ ယင်းအပြင် နှစ်ဖက်လုံးက စစ်ရေးဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးရန် အန်စီစီတီ ခေါင်းဆောင်များက မေတ္တာရပ်ခံထားသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်ကလည်း ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်းတု ကျေးရွာအနီး ကြံခင်းအတွင်း မြန်မာအစိုးရ စစ်တပ်၏ လက်နက်ကြီး ကျရောက်သဖြင့် လူ ၅ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသွားသူ ၅ ဦး၏ ကျန်ရစ်သူမိသားစုများအတွက် တစ်ဦးလျှင် ၁၁၀၀၀ ဒေါ်လာတန်ဖိုးရှိ ယွန်းငွေ ၇၀၀၀၀အား လျော်ကြေးပေးရန် မြန်မာအစိုးရက ကမ်းလှမ်းထားကြောင်း တရုတ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်ဟု သိရသော်လည်း အဆိုပါ လျော်ကြေးငွေအား ကျန်ရစ်သူမိသားစုက လက်မခံဟု ကြားသိရကြောင်း ဦးထွန်းမြတ်လင်းက ပြောသည်။
No comments:
Post a Comment