Tuesday, March 17, 2015

မန္တလေးတိုင်းအတွင်းရှိ ရေတံခွန်တောင် ဂေါက်ကွင်းကို ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးရန် စီစဉ်

နိုင်နိုင်ဇော်

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင် ဂေါက်ကွင်းကို မြေ ၅၅၃ ဧကအထိ တိုးချဲ့၍ ပုဂ္ဂလိကလုပ်ငန်း ရှင်များကို BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် လုပ်ပိုင်ခွင့်ချထားပေးရန် စီစဉ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မန္တလေး စည်ပင်သာယာရေး ကော်မတီက လက်ရှိလည်ပတ်နေသည့် ယင်းဂေါက်ကွင်းမြေနေရာ တိုးချဲ့ခြင်း၊ ဈေးဝယ်စင်တာ အသေးစားနှင့် စားသောက်ဆိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်ပေးအပ်ပြီး နောက်ပိုင်းတွင် ယင်းဂေါက်ကွင်း စီမံကိန်း တစ်ခုလုံးကို လုပ်ပိုင်ခွင့်ပေးအပ်ရန် စီစဉ်နေကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။

“အခုဂေါက်ကွင်းက ၂၃၇ ဧကပဲရှိတယ်။ ဒါကို ၅၅၃ ဧကအထိ ထပ်ချဲ့ဖို့ရယ်၊ ဂေါက်ကွင်းထဲက Mini Market အသေးစားလေးရယ်၊ စားသောက်ဆိုင်တွေကိုပါ တည်ဆောက်ဖို့ လုပ်ငန်းရှင်တွေကို တင်ဒါခေါ်တာပါ။ တည်ဆောက်ချိန်မှာလည်း ဆက်ဖွင့်မှာဖြစ်သလို နောက်ပိုင်းဆိုရင် ဒီစီမံကိန်းတစ်ခုလုံးကို ပုဂ္ဂလိကကို BOT နဲ့ လွှဲပြောင်းဖို့ စီစဉ်ထားတာ တွေတော့ ရှိနေတယ်’’ ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

အဆိုပါစီမံကိန်းအတွက် ပြည်တွင်း လုပ်ငန်းရှင်များ ယခုရက်အတွင်း တင်ဒါခေါ်ယူထားပြီး လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များက လုပ်ငန်းတည်ဆောက်၊ လည်ပတ်မှုအသေးစိတ် အစီအစဉ်တင်ပြမှုများကို လာမည့်ဧပြီ ၂၃ ရက် နောက်ဆုံးထားတင်ပြရမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်ဌာန တာဝန်ရှိသူက ထပ်မံပြောဆိုသည်။

စိတ်ဝင်စားသည့်လုပ်ငန်းရှင်များအတွက် တင်ဒါစည်းကမ်းချက်နှင့် အခြားသော ဂေါက်ကွင်းဆိုင်ရာ အချက်အလက်များကို တင်ဒါလာရောက် ဝယ်ယူချိန်ကျမှာသာ ထုတ်ဖော်ရှင်းပြသွားမည်ဟုလည်း ၎င်းတာဝန်ရှိသူက ပြောသည်။

အဆိုပါရေတံခွန် ဂေါက်ကွင်း စီမံကိန်းကို ပုဂ္ဂလိကထံ ပထမဆုံး လုပ်ပိုင်ခွင့်ပေးရန် စီစဉ်ခြင်းဖြစ်ပြီး လုပ်ငန်းတိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းများကို အသေးစိတ် ထပ်မံထုတ်ပြန်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်ဌာန တာဝန်ရှိသူက ထပ်မံပြောဆိုသည်။

No comments: