ခတ္တာနန်း
မွန်နိုင်ငံရေးပါတီ နှစ်ပါတီ ပေါင်းစည်းရေးအတွက် မွန်သံဃာတော်များနှင့် မွန်ပြည်သူများဖြင့် ဖွဲ့စည်းထားသည့် နှစ်ပါတီပေါင်းစည်းရေးအဖွဲ့ကို ယခုလ ၁၃ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သာသနာ ၁၅၀ဝ တွင် ကျင်းပသည့် ရှင်းလင်းပွဲ၌ ပြည်သူများရှေ့တွင် တရားဝင် ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီးဖြစ်သည်။
မွန်နှစ်ပါတီပေါင်းစည်းရေးအဖွဲ့သည် (၃၃) လကြာ ဖွဲ့စည်းညှိနှိုင်းခဲ့သော်လည်း နိုင်ငံရေးပါတီ နှစ်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့ မပေါင်းစည်းနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက် ယခုကဲ့သို့ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
မွန်နှစ်ပါတီပေါင်းစည်းရေးအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည့် အရှင် ပုပ္ဖဟံသာက “ဆရာတော်တို့က သူတို့ သဘောတူညီချက်အပေါ်မှာပဲ ညှိနှိုင်းပေးခဲ့တယ်၊ အဲဒီညှိနှိုင်းချက်အပေါ်မှာ ဘယ်လို့ ဆက်သွားလို့မရတဲ့အတွက် ဆရာတော်တို့ ဒီနှစ်ပါတီပေါင်းစည်းအရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ရတာပါ” ဟု မိန့်သည်။
ဆွေးနွေးညှိနှိုင်းနေသည့် (၃၃) လ ကာလအတွင်း မိမိတို့ အဖွဲ့မှ ပြည်သူများ၏ သဘောထားများ ဆန္ဒများကို အစဉ်တစိုက် နားထောင်လာခဲ့ကြောင်း၊ သို့သော်လည်း နိုင်ငံရေးပါတီတစ်ခုချင်းစီ၏ မူဝါဒများမှာလည်း မတူညီကြကြောင်း ဆရာတော်က ဆက်မိန့်သည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အဖွဲ့ဝင်ဖြစ်သည့် ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက “ပြည်တွေနဲ့ သံဃာတွေရဲ့တောင်းဆိုချက်ကို ပါတီ ၂ ခုလုံးက အကောင်အထည်မဖော်နိုင်ခဲ့ဘူး၊ ကတိပေးထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး ဒီတော့ ညှိနှိုင်းရေးအဖွဲ့က ဒီအပေါ်မှာ လက်မခံဘူးဆိုတဲ့ ကြေညာချက် ထုတ်မယ်ဆိုတာ ကျနော်တို့ ကြိုတွက်ထားပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ဒေါက်တာအောင်နိုင်ဦးက မိမိပုဂ္ဂိုလ်ရေးအမြင်ဖြစ် မွန်ပြည်သူများ၊ သံဃာအဖွဲ့များ မိမိတို့အပေါ် အားလုံးကိုယ်စားပြုတဲ့ လက်ခံသည့် ကိုယ်စားလှယ်တစ်ဦးသာ ဖြစ်လိုကြောင်း၊ ထိုသို့ လက်ခံမှုမရှိလျှင် မိမိတို့ မည်သည့် မည်ပုံဆက်လက် လုပ်ဆောင်မည်ကို မဝေခွဲနိုင်ကြောင်း ဆက်ပြောသည်။
“ဒီအပေါ်မှ အဖြေတစ်ခုခုတော့ ထုတ်သင့်တယ်၊ အဓိပ္ပာယ်ကတော့ ဒီပါတီကိုလည်း လက်မခံဘူး၊ ဟိုပါတီကိုလည်း လက်မခံဘူးဆိုရင် လက်ခံနိုင်တဲ့ နည်းတစ်မျိုးမျိုး မွန်လူထုကို ကိုယ်စားပြုနိုင်မဲ့ အဖြေတစ်ခုကို ထုတ်ပြီး အဲဒီအပေါ်မှာ ကျနော်တို့ လုပ်သွားချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
မွန်နိုင်ငံရေးပါတီ ၂ ပါတီအပေါ် မွန်နှစ်ပါတီပေါင်းစည်းရေးအဖွဲ့မှ လုံးဝ လက်မခံနိုင်ကြောင်း ကြေညာချက်တွင် လွန်ခဲးသည့် နှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးထားသော သဘောတူညီချက် (၄) တို့ကိုလိုက်နာ ဆောင်ရွက်ထားမှုမရှိခြင်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေဖြင့် မပေါင်းစည်းနိုင်ကြောင်း ကြေငြာချက် ထုတ်ပြန်ထားခြင်း၊ မွန်နှစ်ပါတီအနေဖြင့် မွန်သံဃာတော်များနှင့် မွန်ပြည်သူတစ်ရပ်လုံးတို့၏ သဘောထားမှုအပေါ် လုံးဝ လစ်လျှူရှုထားခြင်း၊ တို့ ပါဝင်သည်။
သို့သော် မွန်နှစ်ပါတီပေါင်းစည်းရေး လိုလာသူအချို့နှင့် မွန်ဒီမိုကရေစီပါတီတို့၏ သဘောတူညီချက်ဖြစ် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီကို မွန်အမျိုးသားပါတီအဖြစ် အမည်ပြောင်းလဲဖွဲ့ စည်းခဲ့သည်။

No comments:
Post a Comment