နိုင်နိုင်ဇော်
အာဆီယံ တစ်ခုတည်းသော လေကြောင်းဈေးကွက် ကျင့်သုံးချိန်တွင် ပြည်တွင်း လေကြောင်းလိုင်း လုပ်ငန်းများ မထိခိုက်စေရန် လုပ်ဆောင်သွားမည်ဟု မြန်မာ့လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်း ဆွေထွန်းက ပြောသည်။
ဥရောပသမဂ္ဂနည်းတူ အာဆီယံ တစ်ခုတည်းသော လေကြောင်းဈေးကွက်၊ မူဝါဒကျင့်သုံးချိန်၌ ပြည်ပနိုင်ငံများမှ လေကြောင်းလိုင်း ကုမ္ပဏီများ လာရောက်ရင်းနှီး လုပ်ကိုင်ချိန်ပါက ယင်းတို့အား ၁၀၀ ရာခိုင်နှုန်း ရင်းနှီးလုပ် ကိုင်ခွင့်ပြုမည်မဟုတ်ဟု ၎င်းက မတ်လ ၂၃ ရက်တွင် ပြုလုပ်သည့် လေကြောင်းမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။
“ဥရောပသမဂ္ဂလိုမျိုး တစ်ခုတည်းသော လေကြာင်းဈေးကွက်မူဝါဒကို အာဆီယံနိုင်ငံတွေကြားမှာ ကျင့်သုံးမယ်ဆိုပေမယ့် ဒီကပြည်တွင်း လေကြောင်းလိုင်းတွေကို ဘယ်လိုကာကွယ်ပေးမလဲဆိုတာကို စဉ်းစားထားပြီးသားပါ။ နိုင်ငံတကာ လေကြောင်း ကုမ္ပဏီတွေကို ဒီကလုပ်ငန်းတွေနဲ့ အကျိုးတူပဲ လုပ်ကိုင်ခွင့်ပေးမှာပါ” ဟု ဦးဝင်း ဆွေထွန်းကပြောသည်။
လေကြောင်းလိုင်းကုမ္ပဏီများမှာ ပြည်တွင်းလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်သာ ရရှိမည်ဖြစ်ပြီး မတည်ရင်း နှီးငွေကို ၄၉ ရာခိုင်နှုန်းအထိသာ ခွင့်ပြုပေးထားခြင်းဟု ၎င်းက ရှင်းပြသည်။
အဆိုပါပွဲသို့ တက်ရောက်လာသည့် ပြည်တွင်း လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက“ အီးယူမှာတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ ပေးတာတွေရှိပေမယ့် ကျွန်တော်တို့ရဲ့အာဆီယံနိုင်ငံတွေကျတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံစီးပွားရေး တိုးတက်မှုတွေ မတူတဲ့အတွက် ဒီလိုပဲဖြစ်သင့်တာပါ” ဟု ဆိုသည်။
လက်ရှိပြည်တွင်း လေကြောင်းလုပ်ငန်း ၁၀ ခုအထိရှိနေပြီး လေကြောင်းလိုင်း နှစ်ခုသာလျှင် ပြည်ပလေကြောင်း ခရီးစဉ်များ ပြေးဆွဲလျက်ရှိပြီး ကျန် ရှစ်ခုမှာ ပြည်တွင်းခရီးစဉ်များကိုသာ ပြေးဆွဲနေကြောင်း လေကြာင်းပို့ဆောင် ရေးဦးစီးဌာနက ထုတ်ပြန်သည်။
အာဆီယံလေကြောင်းဆိုင်ရာ တစ်ခုတည်းသောဈေးကွက် အကောင်အထည်ဖော်ရန် ဒေသတွင်းနိုင်ငံများနှင့် လေကြောင်း ပျံသန်းရေးဆိုင်ရာ စာချုပ်အသစ်များ ချုပ်ဆိုထားပြီး ယခု ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ယင်းဈေးကွက် အကောင်အထည်ရန် ပြင်ဆင်ရမည့် လေကြောင်းဆိုင်ရာ ဖြေလျှော့မှုများ နည်းပညာအဆင့်မြင့်မှုများကို ဥရောပ သမဂ္ဂအဖွဲ့ကြီးထံမှ အကူအညီပေးလျက်ရှိသည်ဟု လေကြောင်းပို့ဆောင်ရေ ဦးစီးဌာနက ပြောသည်။
No comments:
Post a Comment