Thursday, March 26, 2015

ခရီးသည်တင် ဘတ်စ်ကားစီးနင်းသူ ၇၁ ရာခိုင်နှုန်း လုံခြုံမှုနှင့် သက်သောင့်သက်သာ မရှိဟု ခံစားနေရ

သီဟကိုကို

ဘတ်စ်ကားစီး ခရီးသည် ၇၁ ရာခိုင်နှုန်းသည် ခရီးသည်တင် ဘတ်စ်ကားများတွင် လုံခြုံမှုနှင့် သက်သောင့်သက်သာ မရှိဟု ခံစားနေရကြောင်း မော်တော်ယာဉ်အွန်လိုင်း ဝန်ဆောင်မှုဈေးကွက် Motors.com.mm မှ သုတေသန ပြုလုပ်ခဲ့သည့် စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ မော်တော်ယာဉ် အွန်လိုင်းလုပ်ငန်းမှ ကောက်ယူခဲ့သည့် လူထုအခြေပြုစစ်တမ်းအရ ဖြေဆိုသူငါးရာကို Online နှင့် Offline ပုံစံနှစ်မျိုးဖြင့် ၂၀၁၄ ခုနှစ်မှ စတင်ကာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားစီး ခရီးသည်အများစုသည် ဘတ်စ်ကားများတွင် ဘေးကင်းလုံခြုံမှု မရှိသကဲ့သို့ သက်သောင့်သက်သာမရှိဟု ခံစားနေရကြောင်း ဖြေဆိုခဲ့ကြခြင်း ဖြစ်သည်။

ဖြေဆိုသူ ငါးရာခိုင်နှုန်းမှာ ဘတ်စ်ကားများတွင် သက်သောင့်သက်သာရှိသော်လည်း ဘေးကင်းလုံခြုံမှုမရှိဟု ဖြေဆိုခဲ့ပြီး သုံးရာခိုင်နှုန်းမှ သက်သောင့်သက်သာမရှိသော်လည်း လုံခြုံစိတ်ချမှုရှိသည်ဟု ဖြေဆိုခဲ့ကြကာ ၁၈ ရာခိုင်နှုန်းမှာမူ မေးခွန်းများကို ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
"ရုံးဆင်း၊ ရုံးတက်ချိန်တွေမှာတော့ ခရီးသည် များပြားကျပ်တည်းလွန်းတဲ့အတွက် သက်သောင့်သက်သာ မရှိဘူးဆိုတာ မှန်ပါတယ်။

ယာဉ်ကြံ့ခိုင်မှုပိုင်းမှာ ခရီးသည်တင်ယာဉ်အင်္ဂါရပ်နဲ့ မပြည့်စုံတဲ့ ဘတ်စ် ကားလိုင်းတွေကို စစ်ဆေးရေး အဖွဲ့တွေနဲ့ စစ်ဆေးလျက်ရှိပါတယ်။ အသုံးပြုဖို့မသင့်တဲ့ ခရီးသည်တင်ယာဉ် အမျိုးအစားတွေကို အစားထိုးပြောင်းလဲစေခဲ့တာ လည်း ရှိပါတယ်။ ဟိုင်းလတ်တွေကို မီနီဘတ်စ်နဲ့ အစားထိုးခဲ့ သလိုမျိုးပေါ့" ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားအသုံးပြုသူ ၃ ဒသမ ၇ သန်းနီးပါးရှိပြီး အဆိုပါ အရေအတွက်မှာ ရန်ကုန်မြို့နေ လူဦးရေ ခြောက်သန်းနီးပါး၏ ၈၀ ရာခိုင်နှုန်းရှိနေရာ အသုံးပြုသည့် ပြည်သူများ ၏ အသက်အန္တာရာယ် လုံခြုံ စိတ်ချမှုနှင့် သက်သောင့်သက်သာ စီးနင်းအသုံးပြုနိုင်ခြင်းတို့သည် အရေးကြီး သည်ဟု Motors.com.mm မှ သုံးသပ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသည့် ခရီးသည်တင် အရေအတွက်စုစုပေါင်းမှာ ၂၄,၁၉၀ စီးရှိပြီး ရန်ကုန် တိုင်းဒေသကြီးတွင် ၁၄,၄၅၅ စီးရှိသည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၏ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန် သည့် စာရင်းများတွင် ဖော်ပြထားသည်။

Motors.com.mm သည် ပြည်တွင်းရှိ မော်တော်ယာဉ်အရောင်းပြခန်းများ၊ မော်တော်ယာဉ်တင်းသွင်းသူများ၊ ယာဉ်ရောင်းဝယ်ရေး စခန်းများရှိ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ထားပြီး မော်တော်ယာဉ် ရောင်းဝယ်ရေး ဈေးကွက်ကို လုပ်ကိုင်လျက်ရှိသည့် အွန်လိုင်းအခြေပြုဝက်ဆိုက်ဖြစ်ကာ နိုင်ငံတကာ အွန်လိုင်းရောင်းဝယ်ရေး လုပ်ငန်း Carmudi.com ၏ လက်အောက်မှ လုပ်ငန်းတစ်ခု ဖြစ်သည်။

No comments: