Wednesday, March 25, 2015

သာယာဝတီထောင်ရှိ သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူများအတွက် သရုပ်ဆောင်လူမင်းနှင့် အနုပညာရှင်အချို့ ငွေလှူ

ပန်းမြတ်ဇော်

လက်ပံတန်း ပင်မသပိတ် အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသော သာယာဝတီထောင်ရှိ ကျောင်းသူ ကျောင်းသားများအတွက် သရုပ်ဆောင်လူမင်းနှင့် အနုပညာရှင် အချို့က ငွေကျပ် ၁၂သိန်းကို မတ်လ ၂၄ ရက်တွင် HOME ရုံးမှ တာဝန်ရှိသူများမှတစ်ဆင့် လှူဒါန်းခဲ့သည်ဟု လူမင်းက ပြောသည်။

အဆိုပါ ငွေကျပ် ၁၂ သိန်းကို သရုပ်ဆောင် လူမင်း ဦးဆောင်ပြီး သရုပ်ဆောင် ဝတ်မှုန်ရွှေရည်၊ ထွန်းအိန္ဒြာဗိုလ်၊ ကြည်ဖြူသျှင်၊ အိအိခိုင်၊ လင်း၊ သန္တာဗိုလ် ၊ သီးလေးသီး၊ အရိုင်း ၊ ဖိုးဖြူ ၊ ငှက်ပျောကြော် ၊ ညောင်ညောင်၊ ပိုင်ဖြိုးသုတို့ ပါဝင်ကာ သာယာဝတီ ထောင်ရောက် ကျောင်းသူ ကျောင်းသားများအတွက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် လူမင်းက "ရုပ်ရှင် အစည်းအရုံးအနေနဲ့ မဟုတ်ဘဲ အစ်ကို ဦးဆောင်ပြီး ရိုက်ကူးရေးအဖွဲ့တွေရယ် လက်လှမ်း မှီသလောက် အနုပညာရှင်တွေနဲ့ အနည်းအကျဉ်းလောက်ပဲ လှူဒါန်းဖြစ်ခဲ့တာပါ။ မတ်လ ၂၄ ရက် နေ့မှာ HOME ရုံးက တာဝန်ရှိသူတွေကို အလှူငွေ ပေးအပ်ခဲ့ပါတယ်" ဟု ပြောသည်။

ရုပ်ရှင် သရုပ်ဆောင် အနုပညာရှင်များအပြင် ဂီတပညာရှင်များ ကိုယ်စား Bo Bo Entertainment နဲ့ Myanmar media 7တို့မှလည်း စုပေါင်းပြီး ငွေကျပ် နှစ်သိန်းကို သာယာဝတီထောင်ရောက် ကျောင်းသူ ကျောင်းသားများ အတွက် မတ်လ ၂၄ ရက်တွင် ဦးဇာဂနာထံသို့ လှူဒါန်းခဲ့သည်။

Myanmar Media 7 မှ ကိုဝေမင်းမောင်က "ဦးဇာဂနာကလည်း တိုက်တွန်းတာရယ် တကယ်လိုအပ်နေတဲ့ နေရာတစ်ခု ဖြစ်တဲ့အတွက် Bo Bo entertainment က ကိုဘိုဆန်းတို့နဲ့ ပူးပေါင်းပြီး သာယာဝတီထောင်ရောက် ကျောင်းသူ၊ ကျောင်းသားများအတွက် မတ်လ ၂၄ ရက် နံနက်က ဦးဇာဂနာကို လှူဒါန်းပေးခဲ့ပါတယ်" ဟု ပြောသည်။

Myanmar Media 7 က တည်ထောင်ထားသည့် We Are One Myanmar အဖွဲ့သည် မတ်လ ၁၈ ရက်တွင် အနုပညာရှင် အချို့ဖြင့် လောက်ကိုင်ဒေသ စစ်ဘေးရှောင်ပြည်သူများနှင့် ကြက်ခြေနီအဖွဲ့ တို့ကို အလှူငွေများ သွားရောက် လှူဒါန်းခဲ့သည်။

သာယာဝတီထောင်ရောက် ကျောင်းသူ ကျောင်းသားများအတွက် အလှူငွေများ လှူဒါန်းလိုသည့် အနုပညာရှင်များအနေဖြင့် HOME ရုံးခန်းသို့ဖြစ်စေ၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရုံးခန်းသို့ ဖြစ်စေ၊ ရုပ်ရှင် အစည်းအရုံးသို့ဖြစ်စေ ပေးပို့လှူဒါန်းနိုင်သည်။

No comments: