Thursday, March 26, 2015

ပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် ကူးတို့ဂိတ်တွေ ပြန်ဖွင့်ပြီ

ကျော်ခ

ထိုင်း-မြန်မာနယ်စပ် မဲဆောက် – မြဝတီ အကြား သောင်ရင်းမြစ်ကြောင်းပေါ်က ပိတ်ထားတဲ့ ကူးတို့ဂိတ်တွေကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူရဲ့ ညွှန်ကြားချက်နဲ့ ပြန်ဖွင့် ပေးလိုက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

စက်သုံးဆီတွေကို ကူးတို့ဂိတ်တွေကနေ တဆင့် တင်သွင်းနေမှုအပေါ် ထိုင်းအာဏာပိုင် အဖွဲ့ဝင်တချို့က ဟန့်တားမှု ပြုလုပ်ရာက ဗိုလ်မှူးကြီး စောချစ်သူရဲ့ ညွှန်ကြားချက်နဲ့ မနေ့မနက်ကစပြီး ပိတ်ခဲ့တာဖြစ်ပြီး မူလအတိုင်း တင်သွင်းခွင့် ပြုကြောင်း ထိုင်းအာဏာပိုင်တွေက အကြောင်းကြားတဲ့အတွက် ညနေ ၅ နာရီလောက်မှာ ပြန်ဖွင့်ပေးလိုက်တာလို့ BGF ဘက်က ပြောပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကိုယ်ရေး အရာရှိ ဗိုလ်မှူး နိုင်မောင်ဇော်က “ထိုင်းဘက်က သူတို့အစည်းအဝေးထိုင်ပြီးတော့ ကျနော်တို့ ဆီကို ဖုန်းဆက်လာတယ်။ ဂိတ်တွေ ပြန်ဖွင့်ပေးဖို့ စက်သုံးဆီ တွေကို အရင်အတိုင်းပဲ တင်သွင်းနိုင်တဲ့ အကြောင်း၊ ဒီဖြစ်စဉ်မျိုး နောက်ထပ် မဖြစ်စေရဘူးလို့ သူတို့ ကတိ ပေးတယ်လေ။ ကမ်းနားမှာလာပြီး ရစ်နေတဲ့ အဖွဲ့တဖွဲ့ကိုလည်း သူတို့ပြန်ခေါ်ထားလိုက်ပြီ” လို့ ဧရာဝတီကို ပြောပါတယ်။

BGF ဂိတ်တွေကနေ တင်သွင်းနေတဲ့ စက်သုံးဆီတွေကို မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားပေါ်က သယ်ဆောင်ဖို့ ထိုင်း အာဏာပိုင် အဖွဲ့တဖွဲ့က လာရောက်ပြောဆိုရာကနေ နှစ်နိုင်ငံ နယ်စပ် ရွှေကုက္ကို ကျေးရွာနဲ့ မင်းလက်ပံ ကျေးရွာအကြား BGF ထိန်းချုပ်တဲ့ ကူးတို့ဂိတ် ၈ ခုကို ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အချိန် ၁၂ နာရီလောက် ပိတ်ထားပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက ပြန်ဖွင့်ပေးဖို့ ဗိုလ်မှူးကြီး စောချစ်သူ ထံကို တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်း အပြီးမှာ ပြန်ဖွင့်ပေးလိုက်တာလို့ ဆိုပါတယ်။

BGF အဖွဲ့ကတော့ ဒီလုပ်ရပ်ဟာ ထိုင်းဗဟို အစိုးရရဲ့ ခွင့်ပြုချက်မဟုတ်ဘဲ ငွေကြေးလိုချင်လို့ လုပ်တဲ့ သဘော ဆောင်ကြောင်း၊ ဒါမျိုး မကြာခဏ ဖြစ်လေ့ရှိတာကြောင့် ထိုင်းဗဟိုအစိုးရသိပြီး အရေးယူ ဆောင်ရွက်နိုင်အောင် ကူးတို့ဂိတ်တွေ ပိတ်ပြီး လုပ်ဆောင်ပြလိုက်တာ ဖြစ်ကြောင်း ပြောပါတယ်။

မဲဆောက်-မြဝတီ တရားဝင် ချစ်ကြည်ရေး တံတားရှိပေမယ့်လည်း ကုန်တန်ချိန် ကန့်သတ်ချက်အရ အရင်ကတည်းက ကူးတို့ ဂိတ်တွေက သယ်နေရတာဖြစ်ပြီး အခုလို ထိုင်းဘက်က တင်းကြပ်မှုတွေ ပြုလုပ်လာတဲ့ အတွက် ကရင်ပြည်နယ်နဲ့ မြဝတီ မြို့တွေမှာ ဆီဈေးနှုန်းတွေ တက်ကုန်တယ်လို့ ဆိုပါတယ်။

မြဝတီ မြို့ခံတဦးက “ကူးတို့ဂိတ်တွေ ပိတ်တယ်ဆိုတာ နေ့လည်ကမှသိတာ။ ဆီဈေးကတော့ တက်တာ သေချာတယ်။ နှစ်ရက် သုံးရက်ရှိနေပြီ။ အရင် ဓာတ်ဆီ တဂါလံကို ၃၂၀၀ ပဲပေးရတာက ဒီနေ့ဆိုရင် ၄၃၀၀ ပေးရတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

မဲဆောက်-မြဝတီ သောင်းရင်းမြစ်ကမ်းတလျှောက် ကူးတို့ဂိတ် ၂၀ ကျော် ရှိပေမယ့် BGF ဂိတ်တွေက ကား၊ ဆိုင်ကယ်နဲ့ လူသုံး၊ အိမ်သုံးပစ္စည်းတွေ အဓိက ကူးသန်းနေတဲ့ ဂိတ်တွေဖြစ်ပါတယ်။ အရင်တုန်းကတော့ ဒီဂိတ်တွေဟာ မှောင်ခို ဂိတ်တွေလို့ ဆိုပေမယ့် အခုနောက်ပိုင်းမှာ တင်သွင်းတဲ့ ပစ္စည်းတွေဟာ မြဝတီ ကုန်သွယ်ရေးဇုန်မှာ အခွန်ဆောင်တယ်လို့ BGF အဆိုအရ သိရပါတယ်။

“ဂိတ်တွေပြန်ဖွင့်ဖို့ သဘောတူညီမှုရပြီးတဲ့ မနေ့ညနေကပဲ ဒီမြဝတီမြို့ပေါ်က စက်သုံးဆီဆိုင်တွေကို တယ်လီဖုန်းနဲ့ ပုံမှန်ဈေးပြန်ချရောင်းဖို့ ကျနော်တို့ သတိပေးပြီးပါပြီ။ ဆီဈေးက တက်ပြီး ပြန်မကျချင်ကြဘူးလေ။ ဒါကြောင့် ကျနော်တို့ ဆိုင်တွေကို လှမ်းသတိပေးရတာပါ” လို့ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ အဖွဲ့ဟာ ၂၀၁၀ ပြည့်နှစ်မှာ အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF အဖြစ် လက်ခံ ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး ဂိတ်တွေနဲ့ စီးပွားရေးလုပ်ငန်းတချို့ကို အထူးလုပ်ကိုင်ခွင့်ရရှိနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်မတိုင်မီက တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖြစ် ရပ်တည်ခဲ့ပြီး အဲဒီ DKBA အဖွဲ့ဟာလည်း ၁၉၉၄ ခုနှစ်မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) က ခွဲထွက်ကာ မြန်မာအစိုးရနဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

No comments: