Tuesday, March 17, 2015

အောင်တံခွန်သင်္ဘော နစ်မြုပ်ခြင်း ပြည်နယ်အစိုးရတွင် တာဝန်ရှိဟု ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဆို

နန်းမြင့်

ရခိုင်ပြည်နယ်၊ တောင်ကုတ်-စစ်တွေသွားသည့် အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်ခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရတွင် တာဝန်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

၎င်းက ရန်ကုန်မြို့ ယုဇနဟိုတယ်တွင် မတ်လ ၁၅ ရက်က ပြုလုပ်သည့် ရခိုင်အမျိုးသားကွန်ရက် သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် လူထုတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဦးဇော်အေးမောင်းက '' ဒီလိုအဖြစ်ပျက်မျိုး နောက်ထပ်မဖြစ်အောင် ရခိုင်အစိုးရမှာ တာဝန်ရှိပါတယ်။ နောက်နောက်မဖြစ်အောင် ဖြေရှင်းဖို့ တိုက်တွန်းပါတယ်။ သဘောင်္သက်တမ်းက ကိုယ့်ထက်အသက် အများကြီးကြီးပြီ။ အိုဟောင်းနေတဲ့ သင်္ဘောကို သုံးသင့်သလား၊ မသုံးသင့်ဘူးလား သုံးသပ်ရမယ်။ ရခိုင်ဒေသက သယ်ယူပို့ဆောင်ရေးနဲ့ပတ်သက်ပြီး သင်္ဘောကို အားထားနေရတာဖြစ်တယ်။ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရက ဒါတွေကို ကြပ်မတ်ဖို့လိုတယ်။ သင်္ဘောအသစ်တွေလဲဖို့ လိုပါတယ် ''ဟု ပြောသည်။

မတ်လ ၁၃ ရက်က ည ၁၁ နာရီခန့်က ရခိုင်ပြည်နယ် တောင်ကုတ်-စစ်တွေသွားသည့် အောင်တံခွန်-၃ သင်္ဘောမှာ ကျောက်ဖြူမြို့နှင့် မြေပုံမြို့ကြား နောင်တော်ကြီးမြစ်အတွင်း နစ်မြုပ်ခဲ့ရာ ရုပ်အလောင်း ၃၁ လောင်း၊ အသက်ရှင်လျက် တွေ့ရှိသူ ၁၆၇ ဦး တွေ့ရှိကာ ၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး ဥက္ကဋ္ဌ ဦးဦးလှသိန်းက မတ်လ ၁၄ ရက် ညနေ ၅ နာရီက မဇ္ဈိမကို ပြောသည်။

ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ''(ရခိုင်အမျိုးသား ကွန်ရက်သို့) အလှူငွေ သုံးသိန်းလောက် ဝင်ပါတယ်။ အဲဒီဒေသမှာ ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ပါပြီ။ အလှူရှင်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး ဆောင်ရွက်ပေးနေပြီ။ နစ်နာဆုံးရှုံးသွားတဲ့ လူမှုဘဝကို ဘယ်လိုပြန်လည်ဖာထေးမလဲ စဉ်းစားရမယ်'' ဟု ပြောသည်။

နစ်မြုပ်ခဲ့သည့် အောင်တံခွန် (၃)သင်္ဘောပေါ်၌ ခရီးသည နှင့် ယာဉ်လုပ်သားအပါအဝင် စုစုပေါင်း ၂ဝဝ ကျော် ရှိမည်ဟုလည်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုသင်္ဘောသည် တောင်ကုတ်မှ စတင်ထွက်ကာ တောင်ကုတ်-ရမ်းဗြဲ-ကျောက်နီမော်-ကျောက်ဖြူ -မြေပုံ-ပေါက်တော-စစ်တွေသွားမည့် သင်္ဘောဖြစ်သည်။

အဆိုပါ သင်္ဘောပေါ်၌ပါသူများကို အစိုးရအဖွဲ့၊ ပြင်ပလူမှုရေးအဖွဲ့များ၊ ရဲ ၊ မီးသတ်၊ ကြက်ခြေနီအဖွဲ့များက ကယ်ဆယ်လျက်ရှိပြီး စက်လှေများ၊ မော်တော်ဘုတ်များ၊ ရေငုပ်သမားများသုံးကာ ရှာဖွေလျက်ရှိပြီး အနီးတစ်ဝိုက်ရှိ ကျွန်းများတွင်လည်း လိုက်လံရှာဖွေနေသည်ဟုလည်း ထုတ်ပြန်ထားသည်။

No comments: