Friday, March 20, 2015

မွေး/ရေ ဝန်ကြီးဌာန၏ ငါးနှစ်စီမံကိန်း လေးနှစ်ကျော်သည်အထိ၍ ကျပ်ငွေ သန်း ၁၁,၀၀၀ ကျော်ဖြတ်ရန် ဒီချုပ်အမတ် ဒေါ်စန္ဒာမင်း ဝေဖန်

အောင်သူရထွန်း

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဆောင်ရွက်နေသော ကျေးလက်ဒသများတွင် အများသုံးအိမ်သာ၊ မိသားစုသုံး ယင်လုံအိမ်သာ တည်ဆောက်ခြင်း စီမံကိန်းနှင့် ကျေးလက်အိမ်ရာ စီမံကိန်းများသည် ငါးနှစ် သတ်မှတ်ထားသော်လည်း လေးနှစ်ကျော်သည်အထိ မအောင်မြင်သည့်အတွက် ကျပ်ငွေသန်းပေါင်း ၁၁,၂၈၉ သန်း ဖြတ်တောက်ရန် ဒီချုပ်အမတ် ဒေါ်စန္ဒာမင်းက ဝေဖန်လိုက်သည်။

အဆိုပါစီမံကိန်းများသည် ငါးနှစ်စီမံကိန်းဖြစ်သော်လည်း လေးနှစ်ကျော်သည်အထိ အောင်မြင်ခြင်း မရှိခြင်းကြောင့် ဘတ်ဂျက်ငွေတောင်းခံမှု ငြင်းပယ်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းပြသည်။

၎င်းက “ကုန်ကျသွားတဲ့ငွေနဲ့ အချိုးညီညီ ဘယ်လောက် တိုးတက်တယ်ဆိုတာကို လူထုထဲမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ကျွန်မတို့ မတွေ့ရပါဘူး။ ကျွန်မအနေနဲ့ ကျေးရွာတွေမှာ အများသုံးနဲ့ မိသားစုသုံး အိမ်သာစီမံကိန်းဖြစ်တဲ့ ကျပ်သန်းပေါင်း ၂,၅၂၉ သန်းကို ငြင်းပယ်ရခြင်း ဖြစ်ပါတယ်” ဟု ထောက်ပြ ပြောဆိုသည်။

ငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးလက်ဒေသ အိမ်သာတည်ဆောက်ရေးစီမံကိန်းသည် လေးနှစ်ကျော်သည်အထိ အောင်မြင်မှုမရှိခြင်းကြောင့် လာမည့် ၂၀၁၅-၁၆ ခုနှစ်တွင် စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် ဘတ်ဂျက်ငွေ ကျပ်သန်းပေါင်း ၂,၅၂၉ သန်းကို ထပ်မံတောင်းခံရန် မသင့်ကြောင်းကိုလည်း ၎င်းက ဆိုသည်။

ဒေါ်စန္ဒာမင်းက “အိမ်သာစီမံကိန်းနဲ့ ဆောက်ထားတဲ့ရွာတွေကိုလည်း ကျွန်မတို့ရောက်ရှိခဲ့ပါတယ်။ အိမ်သာတွေ ကိုလည်း ကြည့်ခဲ့ပါတယ်။ လမ်းဘေးမှာရှိတဲ့ တချို့ရွာတွေမှာသာ စံပြအနေနဲ့ နှစ်လုံး လောက်ဆောက် ပြီးတော့ သော့ခတ်သိမ်းထားတာ တွေ့ရပါတယ်။ ဒါတွေက လူကြီးလာရင် ပြဖို့ဆိုပြီး လုပ်ထားတာတွေပဲ တွေ့ရပါတယ်” ဟု ပြောသည်။

သို့ရာတွင် UNCIEF ၊ UN နှင့် အခြား NGOs၊ INGOs အဖွဲ့များဆောင်ရွက်ရာတွင် အောင်မြင်လျက်ရှိနေခြင်းကြောင့် ဝန်ကြီးဌာနက ယင်းစီမံကိန်းအတွက် ကုန်ကျငွေကို မတောင်းခံသင့်ဘဲ အောင်မြင်အောင်လုပ်ဆောင် နေသော အဖွဲ့အစည်းများကသာ ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်ဘဏ္ဍာ အလေအလွင့်နည်းပါးသွားမည်ဟု လွှတ်တော်ကိုယ်စားလှယ်က ရှင်းပြသည်။

ထို့အပြင် ကျေးလက်အိမ်ရာတည်ဆောက်ခြင်း စီမံကိန်းအတွက် ကျပ်သန်းပေါင်း ၈,၇၆၀ သန်းကိုလည်း ထပ်မံ ငြင်းပယ်ခဲ့သေးသည်။ဒေါ်စန္ဒာမင်းက “ဒီစီမံကိန်းကလည်း လွန်ခဲ့တဲ့ ငါးနှစ်ထဲက ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းဖြစ်တယ်၊ ကျွန်မတို့ အခု လေးနှစ်ထဲ ရောက်ပြီ၊ စီမံကိန်းရဲ့ သိသာထင်ရှားတဲ့ အောင်မြင်မှုကို တကယ့်ကိုလက်တွေ့မှာ အကျိုးကျေးဇူး ခံစားနေနိုင်ရတော့မှာပါ။ ဒီလိုသာ အကျိုးကျေးဇူး ခံစားရမယ်ဆိုရင် ဆင်းရဲဒုက္ခရောက်ပြီးတော့ နေထိုင်စရာ မရှိလို့ ထောင်ကျတဲ့ ကိစ္စမျိုးတွေ ဖြစ်လာစရာ အကြောင်းမရှိပါဘူး” ဟု ဝေဖန်ထောက်ပြလိုက်သည်။တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျုးကျော်တဲများ ဖြိုခွင်းဖျက်ဆီးသည့် ကိစ္စရပ်များ ဖြစ်လာစရာမရှိကြောင်း ကိုလည်း ၎င်းက ဆိုသည်။

“ဒီ ငါးနှစ်စီမံကိန်းကို နောက်ဆုံးစီမံကိန်းဖြစ်ပေမယ့် အမှန်တကယ်ကိုပဲ ပြည်သူတွေကြားမှာ သိသာမြင်သာတဲ့ အကျိုးကျေးဇူးခံစားရခြင်းမရှိတဲ့ စီမံကိန်းဖြစ်လို့ ငါးနှစ်မပြည့်အောင် မပေးလိုခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကျေးလက်အိမ်ရာတည်ဆောက်ခြင်း စီမံကိန်းသည် နိုင်ငံခြားငွေ သုံးစွဲကာ နိုင်ငံခြားမှ ပစ္စည်းများ မှာယူ တင်သွင်းပြီး ဆောင်ရွက်ရသည့် လုပ်ငန်းမျိုးမဟုတ်သော်လည်း လေးနှစ်ကျော်ကြာသိထိ မအောင်မြင်ပါက ချက်ခြင်းရပ်ဆိုင်းလိုက်ခြင်းသည် နိုင်ငံဘဏ္ဍာ အလွဲသုံးရာ မရောက်ကြောင်းလည်း လွှတ်တော်အမတ်က အကြံပြု ပြောကြားသည်။

No comments: