နန်းမြနဒီ
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လေးရက်မြောက်နေ့မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စာချုပ်ဖွဲ့စည်းပုံအပေါ် သဘော တူချက်ရရှိခဲ့ပါတယ်။
ဖွဲ့စည်းပုံသဘောတူချက်ရပြီးတဲ့နောက် အကောင်အထည်ဖော်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နှစ်ဘက် ပူးတွဲပုံမှန်အစည်းအဝေး လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူ ဒေါ်စောမြရာဇာလင်းက ဒီဗွီဘီကို ပြောပါတယ်။
“ဖွဲ့စည်းပုံကိုတော့ သဘောတူသွားပြီ။ အန်စီအေ (တပြည့်လုံးအပစ်ခတ်ရပ်စာချုပ်) ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ အဲဒီစာချုပ်ကို အကောင်အထည်ဖော်ဖို့ရာအတွက် နှစ်ဘက်စလုံးက ပါဝင်ပြီး ပုံမှန်အစည်းအဝေးကနေ ဆုံးဖြတ်သွားမယ်ဆိုတဲ့ အနေအထားတခုကို အဆုံးအဖြတ်ရသွားတယ်။ အဲဒီအစည်းအဝေးအောက်မှာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရှိမယ်၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေးကော်မတီတွေ ရှိမယ်။”
ဒါ့အပြင် မူဘောင်ကရရှိလာတဲ့ အပေါ်မှာ အခြေခံပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရေး၊ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးကိစ္စရပ်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးမှုပေါ်မှာ အန်စီစီတီအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဒီနေ့ ကျနော်တို့ အခန်း ၃ – တပ်ပိုင်းဆိုင်ရာ ၊ အခန်း ၄ – ပူးတွဲစောင့်ကြည့်ရေးနဲ့ အခန်း ၅ အပစ်ခတ်ရပ်စဲရေးစာချုပ်ကို ခိုင်မာအောင် ပြုလုပ်ခြင်း စတာတွေ ဆွေးနွေးပါတယ်။ အပေးအယူကောင်းပါတယ်။ ဘုံသဘောတူချက်တွေရပါတယ်။ နည်းနည်းပါးပါးငြိနေတဲ့ ဟာလေးတွေပဲရှိတယ်။ ကြီးမားတဲ့ ကွဲလွဲမှုမရှိဘူး၊ ရှေ့ကို ပုံမှန်တိုးနေတယ်လို့ သုံးသပ်ရပါတယ်ခင်ဗျ” လို့ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် မတ်လ ၁၇ ရက်နေ့ကတည်းက ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးနေတာဖြစ်ပြီး မနက်ဖြန်မှာတော့ လမ်းပြမြေပုံ လွှတ်တော်မှာ တင်သွင်းဖို့ အတည်ပြုချက်ရယူခြင်းကိစ္စ ဆက်ပြီးဆွေးနွေးဖို့ရှိပါတယ်။

No comments:
Post a Comment