Wednesday, March 25, 2015

လက်ပံတန်းအရေးတွင် အဖမ်းခံရသူများ လွတ်မြောက်ရေးအတွက် နိုင်/ကျဉ်းအဖွဲ့များ လှုပ်ရှားမှုပြုလုပ်

ခင်မြတ်မြတ်ဝေ

လက်ပံတန်း အဓိကရုဏ်းကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားထုနှင့် ဆန္ဒပြသူများ လွတ်မြောက် ရေးအတွက် မတ်လ ၂၄ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက်ရှိ နိုင်ငံရေး အကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်းရုံးတွင် အချုပ်ကျသူများ၏ အမည်များကို လက်ဝါးတွင် ရေး၍ ဓာတ်ပုံရိုက်ခြင်း လှုပ်ရှားမှု(ကမ်ပိန်း) ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကမ်ပိန်းကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP)နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ရုံးတာဝန်ခံ ကိုသက်ဦး "ဒီပွဲက ကျောင်းသား၊ နိုင်/ ကျဉ်းဟောင်းတွေ လွတ်မြောက်ဖို့၊ သူတို့တွေ စိတ်ဓာတ်ကို တွန်းအားတစ်ခု ဖြစ်ဖို့လည်းပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းတွေလည်းသိအောင် ကျောင်းသားတွေ စိတ်ခံစားမှုတွေ ကြံ့ကြံ့ခိုင် နိုင်အောင် ရည်ရွယ်တယ်" ဟု ပြောသည်။

ယင်းလှုပ်ရှားမှုတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းနှင့် ပြည်သူအင်အား ၅၀ ခန့်က ပါဝင်ကာ လက်ဝါးပေါ်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားအမည်ကို ရေးသားခြင်း၊ ကျောင်းသားများ၏ ဓာတ်ပုံကို ကိုင်ဆောင်၍ ဓာတ်ပုံအရိုက်ခံခြင်းများဖြင့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းလှုပ်ရှားမှုကို ကျယ်ပြန့်စေရန် လှုမှုကွန်ရက်စာမျက်နှာပေါ်တွင် ယနေ့ပြုလုပ်သည့် လှုပ်ရှားမှု ဓာတ်ပုံများကို တင်ပြခြင်းများလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့အပြင် လက်ပံတန်းကျောင်းသားသပိတ်ကြောင့် သာယာဝတီထောင်တွင် ဖမ်းဆီးခံ ထားရသည့် ကျောင်သားနှင့် သပိတ်ဝန်းရံသည့် ပြည်သူ ၉၈ ဦး၏ ကိုယ်ရေး အချက်အလက်များကို အမေရိကန်၊ အင်္ဂလန်နှင့် ပြင်သစ်သံရုံးများသို့ ပေးပို့ထားပြီးဖြစ်သည်ဟုလည်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

အဆိုပါ လက်ပံတန်းအရေးကြောင့် ကျောင်းသားနှင့် ဝန်းရံ ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး အဆိုပါထဲမှ ကျောင်းသား၊ ကျောင်းသူ ၂၈ ဦးနှင့် သတင်းထောက် နှစ်ဦးတို့ ပြန်လည်လွတ်မြောက် လာပြီဖြစ်သည်။

No comments: