Saturday, March 28, 2015

ဖားသားလင်းန် ကုမ္ပဏီပိုင်ရှင်အမှု တရားလိုမလာ၍ ရုံးချိန်းရွှေ့ဆိုင်း

ကျော်စိုးမိုး

တရားရုံးပြောင်း လျှောက်ထားပြီး ကျောက်တံတားမြို့နယ်မှ အမှုအတွက် လသာမြို့နယ် တရားရုံးတွင် စစ်ဆေး နေသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်၏အမှုမှာ တရားလို မလာသဖြင့် အမှု မစစ်ဆေးဖြစ်ဘဲ ရုံးချိန်း ရွှေ့ဆိုင်းလိုက်သည်ဟု လသာမြို့နယ် တရားရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမှုအတွက် တရားလိုပြု တိုင်တန်းထားသည့် မြေပိုင်ရှင် ဦးစိုးမင်းထက်ကို မတ် ၁၉ ရက်က လသာမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး မတ် ၂၆ ရက်တွင် တရားလိုကို ထပ်မံစစ်ဆေးရန် ချိန်းဆိုထား သော်လည်း တရားလိုက ခွင့်တိုင်ထားသဖြင့် ရုံးချိန်း ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

တရားလို ဦးစိုးမင်းထက်က "ကျွန်တော် ကျန်းမာရေး မကောင်းလို့ တရားရုံးကို ခွင့်တင်ထားပါတယ်။ နောက်ရုံးချိန်းကျမှပဲ အစစ်ဆေးခံသွားမှာပါ" ဟု ပြောသည်။

အမှုဖြစ်စဉ်မှာ ကျောက်တံတားမြို့နယ် အမှတ် (၄) ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/၁၈၇ မြေပိုင်ရှင်ဖြစ်သူ ဦးစိုးမင်းထက်နှင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ ခေတ်မီလေးခန်းတွဲ ၁၂ ထပ်တိုက်ကို နှစ်နှစ်အတွင်း ဆောက်လုပ်ပေးရန် စာချုပ်ချုပ်ဆို အပ်နှံခဲ့ပြီး ကုမ္ပဏီဘက်မှ စိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ်အတုဖြင့် စည်ပင်ခွင့်ပြုချက် ရယူခဲ့သဖြင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် မြေရှင်နှင့် ကုမ္ပဏီ သဘောတူညီချက်ထဲတွင် ၂ဝ၁၂ ခုနှစ်၌ လူနေထိုင်ခွင့်ရမည်ဖြစ်သော်လည်း ယခုလေးနှစ်ကျော် ကြာမြင့်လာသည့်တိုင် ပြီးစီးအောင် ဆောက်လုပ်ပေးခြင်းမရှိ၍ အမှုဖွင့် တိုင်ကြားခဲ့သဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်ကို ကျောက်တံတားမြို့မရဲစခန်းက (ပ)၃၆၂/၂ဝ၁၄၊ ပုဒ်မ-၄၂ဝ/၄၆၈၊ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါမြေပေါ်တွင် ဆောက်လုပ်ထားသည့် တိုက်ခန်း ၄၈ ခန်းအနက် ၄၄ ခန်းကို ရန်ကုန်တိုင်း တရားရုံးက မတ် ၁၉ ရက်တွင် ချိတ်ပိတ်လိုက်သည်ဟု ဦးစိုးမင်းထက်က ပြောသည်။

အဆိုပါအမှုကို လသာမြို့နယ် တရားရုံးတွင် ပြောင်းလဲစစ်ဆေးရန် ၂ဝ၁၅၊ ဖေဖော်ဝါရီ ၉ ရက်တွင် အမိန့်ချခဲ့ပြီး လာမည့် ဧပြီ ၈ ရက်တွင် စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားသည်။

No comments: