နန်းလွင်နှင်းပွင့်
ရှမ်းပြည် မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်တွင် တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့( MNDAA) အကြား ဖြစ်ပွားနေသည့် တိုက်ပွဲကိစ္စကို ညှိနှိုင်းပေးနိုင်ရန် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ကိုးကန့်တပ်ဖွဲ့နှင့် အစည်းအဝေး ပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။
ကိုးကန့်တပ်ဖွဲ့နှင့် တွေ့ရန် NCCT စီစဉ်နေသည့် ကိစ္စကို မတ်လ ၁၈ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနတွင် အပစ်ရပ်စာချုပ် ဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲတွင် NCCT ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းမီဒီယာများကို ပြောဆိုခဲ့ခြင်း ဖြစ် သည်။ လတ်တလော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့ ဆွေးနွေးပွဲကို ရန်ကုန်တွင် ကျင်းပနေသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သူတို့နဲ့(ကိုးကန့်တပ်ဖွဲ့) အစည်းအဝေးခေါ်ဖို့ရှိပါတယ်၊ အခုချိန်ထိ အခြေအနေတွေက တင်းမာနေတော့ ကျနော်တို့ကိုယ်တိုင် အခြေအနေ အသေးစိတ်ကို သုံးသပ်ဖို့ အချိန်နည်းနည်း လိုနေတယ်၊ သူတို့(ကိုးကန့်တပ်ဖွဲ့)ဆီက အခက်အခဲကို ကျနော်တို့ မသိဘူး၊ညှိနှိုင်းဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။
တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့မှာ ဖေဖော်ဝါရီ ၉ ရက်တွင် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ အကျ အဆုံးများ သဖြင့် တိုက်ပွဲများ ပိုမို ပြင်းထန်လာကာ မြန်မာ-တရုတ်နယ်စပ် တွင် လည်း ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
NCCT က အစိုးရနှင့် တပ်မတော်တို့မှ ကိုးကန့်တိုက်ပွဲကိစ္စအပေါ်တွင် ပဋိပက္ခ ဖြစ်သည် ဟူသည့် ဘောင်အတွင်းမှ နေ၍ ချင့်ချိန်စွာ စဉ်းစားပေးရန်၊ ကိုးကန့် တပ်ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ခေါ်ယူဆွေးနွေးပေးရန်၊ ကိုးကန့်တပ်ဖွဲ့နှင့် ပြေလည်ရေး နည်းလမ်းရှာပေးရန် တရားဝင် မေတ္တာရပ်ခံထားသော်လည်း အစိုးရ ဘက်မှ ကိုးကန့် အရေးကို လက်ခံဆွေးနွေးရန် တွန့်ဆုတ်နေသည်ဟု NCCT ခေါင်းဆောင်များက ဆိုသည်။
လူသိများသည့် MNDAA ( Myanmar National Democratic Alliance Army ) ဟူ သည့် ကိုးကန့်တပ်ဖွဲ့၏ နိုင်ငံရေးပါတီအမည်မှာ MNTJP (Myanmar National Truth and Justice Party) ဖြစ်ပြီး ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် အဖွဲ့ဝင် ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
UNFC က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး စစ်ရေးနည်း ကို လုံးဝ မသုံးရ ဟူသည့် အချက်ကို မူဝါဒ အဖြစ် ချမှတ်ထားသဖြင့် UNFC အဖွဲ့ဝင် အားလုံးက လိုက်နာကြရသဖြင့် ကိုးကန့်တပ်ဖွဲ့ မှာ တပ်မတော်နှင့် မည်သည့် ကိစ္စရပ်ကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်ကို NCCT အနေဖြင့် အသေးစိတ် မသိသေးကြောင်း၊ လက်ရှိတွင် NCCT မှ ကိုးကန့်အခြေအနေကို စုံစမ်းနေဆဲ ဖြစ် ကြောင်း ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောသည်။
ကိုးကန့်တပ်ဖွဲ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တပ်ပေါင်းစု UNFC တွင် အပါအ၀င် ဖြစ်သည့် တိုင်းရင်းသားတပ်ဖွဲ့တခုဖြစ်သဖြင့် NCCT အဖွဲ့ဝင်ဖြစ်သည်ဟု NCCT ကိုယ်စားလှယ်များက သတ်မှတ်ထားသော်လည်း အစိုးရဘက်မှ ကိုးကန့် တပ်ဖွဲ့အား တနိုင်ငံလုံးငြိမ်းချမ်းရေး ဆွေးနွေးနေသည့်ထဲတွင် ထည့်သွင်းထားခြင်း မရှိဟု သိရသည်။
ကိုးကန့်အဖွဲ့က ဖေဖော်ဝါရီလအတွင်းက သမ္မတထံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာ တွင် ၎င်းတို့အဖွဲ့မှာ ပြည်တွင်းရှိ တိုင်းရင်းသားအဖွဲ့ တခုပင် ဖြစ်သဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပေးရန် တောင်းဆို ချက် ပါရှိသည်။
အစိုးရနှင့် တနိုင်ငံလုံး ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် NCCT ထဲတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ရှိသည်ဟု အစိုးရက သတ်မှတ်ထားပြီး ထိုထဲတွင် ကိုးကန့်တပ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ငယ် ၃ ဖွဲ့ခန့် ပါဝင်ခြင်း မရှိဟု သိရသည်။
UPWC အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ကျနော်တို့နဲ့ ဆွေးနွေးနေတဲ့ ၁၆ ဖွဲ့ ဆိုတာ ဗဟိုကော်မတီက ချမှတ်ထားတာပါ၊ ဗဟိုကော်မတီက ချမှတ်ထားတဲ့ အတိုင်း ကျနော်တို့လုပ်ငန်းကော်မတီက လုပ်နေရတာပါ၊ အခုကိုးကန့်ကိစ္စကတော့ စပြီး တိုက်ခိုက်တာက ကိုးကန့်ဆိုတာပဲ ကျနော်တို့ ပြောနိုင်ပါတယ်” ဟု သတင်း မီဒီယာများကို ပြောသည်။
NCCT အနေဖြင့် အစိုးရနှင့် ဆွေးနွေးနေသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဟု ခေါင်းစဉ်တပ်ထားသဖြင့် တပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင် အားလုံးဖြင့် သက်ဆိုင်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားတပ်ဖွဲ့ အားလုံး ပါဝင် နိုင်ရန်၊လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် မပါဝင်သေးသည့် အဖွဲ့များကိုလည်း ပါဝင်လာနိုင်ရန် ညှိနှိုင်းမှုများ ပြုသွားမည်ဟု သိရသည်။

No comments:
Post a Comment