Saturday, March 21, 2015

ရွှေဘိုနှင့် ဖျာပုံပေါ်ဆန်း နိုင်ငံ့မူပိုင်ခွင့်ဖြင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက် တိုးတက်ရရှိအောင် လုပ်ဆောင်မည်

နိုင်နိုင်ဇော်

ဖျာပုံနှင့် ရွှေဘို ပေါ်ဆန်းကို တရားဝင် နိုင်ငံ့မူပိုင်ခွင့်ဖြင့် ရောင်းဝယ်နိုင်ရန် လုပ်ဆောင်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ရွှေဘိုနှင့် ဖျာပုံပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်ရောင်းချမှု ပိုမိုတိုးတက်စေရန် မူပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပြီး ဆန်စပါး အသင်းအဖွဲ့များနှင့် ပူပေါင်းလုပ်ဆောင်နေသည်ဟု ပြည်ထောင်စု ဝန်ကြီးက မတ် ၁၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောဆိုခြင်း ဖြစ်သည်။

ဝန်ကြီးက ရွှေဘိုပေါ်ဆန်း မူပိုင်ခွင့် အကောင်အထည်ဖော်ရေးအတွက် ပညာရှင်များ၊ အသင်းအဖွဲ့များ ပါဝင်သည့် အစည်းအဝေး ဆုံးဖြစ်ချက်အရ သဘောတူညီချက် ကိုးရပ်ဖြင့် ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

ထို့အပြင် ဧရာဝတီတိုင်းထွက် ဖျာပုံပေါ်ဆန်းကိုလည်း ပြည်တွင်းဈေးကွက်တွင် ထိပ်တန်းအရည်အသွေးရှိဆန် ပြန်လည်ဖြစ်လာရန် လိုအပ်သော ဆန်စက်အရည်အသွေး မြှင့်တင်ခြင်းများပြုလုပ်သွားမည်ဟု ပြည်ထောင်စု ဝန်ကြီးက ထပ်မံပြောဆိုသည်။

ရွှေဘိုပေါ်ဆန်း မူပိုင်ခွင့်ဆောင်ရွက်မှုမှာ ဆန်စပါးကဏ္ဍအတွက် အပြောင်းအလဲတစ်ရပ်ဟုဆိုသော်လည်း လက်တွေ့ဖြစ်လာရန် မလွယ်ကူကြောင်း ရွှေဘိုဒေသခံ ဆန်စက်လုပ်ငန်းများနှင့် လယ်သမားများက ပြောသည်။

မိုးမခဆန်စက်လုပ်ငန်းရှင်ဦးလှတင်က “ဒါတွေ လက်တွေ့ဖြစ်လာဖို့က မလွယ်ပါဘူး။ အရင်ကတည်းက ဒီလို တွေပြောနေပေမယ့် လက်တွေ့ဘာများဖြစ်လာလို့လဲ။ တာဝန်ရှိသူအပိုင်းကသာ လက်တွေ့ပီပြင်အောင်လုပ်မယ်။ အသင်းအဖွဲ့တွေက တကယ်အလုပ်လုပ်ရင် စစ်ကိုင်း ရွှေဘိုဈေးကွက် ခိုင်မာနေပြီ” ဟု ဆိုသည်။

တောင်သူအများစုက ယခုအချိန်အထိ မိမိစိုက်သည့်စပါးကို ကိုယ့်ဘာသာ ဈေးကွက်ရှာဖွေနေရာဆဲဖြစ်ပြီး ဝန်ကြီးပြောသကဲ့သို့ နိုင်ငံတကာ ဈေးကွက်အား ကိုယ်ပိုင်မူပိုင်ခွင့်ဖြင့် တင်ပို့နိုင်မှုမှာ လက်တွေ့လယ်ယာကဏ္ဍ အခြေအနေများနှင့် ကင်းကွာနေသည်ဟုလည်း ဆန်စက်လုပ်ငန်းရှင်အချို့က ထောက်ပြသည်။

No comments: