Friday, March 20, 2015

မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသားသပိတ်များကို ပြည်ခရိုင် မြို့နယ်သုံးခုက ပုဒ်မ ၁၈ဖြင့် အမှုဖွင့်

ရေခဲ(ပြည်)

ပင်မသပိတ်စစ်ကြောင်းတွင် ပါဝင်သူ ကျောင်းသားခေါင်းဆောင်များကို ပြည်ခရိုင်အတွင်းရှိ မြို့နယ်သုံးခုတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်၊စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ဖြင့် အမှုဖွင့် ကြောင်း ပြည်ခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မန္တလေးမှ ရန်ကုန်သို့ ချီတက်လာသော ဒီမိုကရေစီကျောင်းသားသပိတ် ပင်မ စစ်ကြောင်းမှ ခေါင်းဆောင်များကို ပြည်မြို့၊ ရွှေတောင်မြို့ နှင့် ပေါင်းတည်မြို့တို့သို့ ဖေဖော်ဝါရီ ၉ရက် မှ ၁၂ရက် အထိ ဖြတ်သန်းစဉ် မြို့တွင်း၌ လှည့်လည်ခြင်းနှင့် ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ အဆိုပါ ပုဒ်မဖြင့် မြို့နယ်ရဲစခန်း အသီးသီးက အမှုဖွင့်ထားခြင်းဖြစ်သည်။

ပြည်မြို့ မြို့နယ်ရဲစခန်းမှ သပိတ်ခေါင်းဆောင်းများဖြစ်သည့် ကိုကျော်ကိုကို၊ ကိုမင်းသွေးသစ်၊ ကိုနန္ဒစစ်အောင်၊ ကိုမင်းဇော် နှင့် မဖြိုးဖြိုးအောင်တို့ကို လည်းကောင်း၊ ရွှေတောင်မြို့မြို့နယ် ရဲစခန်းမှ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင် နှင့် မယွန်းပိုပိုအောင်တို့ကို လည်းကောင်း၊ ပေါင်းတည်မြို့ မြို့နယ် ရဲစခန်းမှ ကိုကျော်ကိုကို၊ ကိုမင်းသွေးသစ်၊ ကိုနန္ဒစစ်အောင် နှင့် မဖြိုးဖြိုးအောင်တို့ကိုလည်းကောင်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ-၁၈ ဖြင့် အရေးယူပေးရန် အမှုဖွင့်ထားခြင်းဖြစ်သည်ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်က ဆိုသည်။

ထိုသို့ အရေးယူရန် မတ်လ ၁၆ ရက်တွင် တရားလိုပြု တိုင်တန်းထားခြင်းဖြစ်သည်။

မတ်လ ၁၀ ရက် လက်ပံတန်းကျောင်းသားသပိတ် အဓိကရုဏ်းတွင် ဖမ်းဆီးခံရသူ ၁၂၇ ဦးဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူ ၁၂၇ဦးတွင် သတင်းထောက် နှစ်ဦး နှင့် ကျောင်းသား ၂၈ဦးကို လွှတ်ပေးခဲ့ပြီး ရန်ကုန်မှ သတင်းထောက် တစ်ဦး နှင့် ကျောင်းသားနှစ်ဦးကို ထပ်မံ ဖမ်းဆီးထားသည်။

No comments: