မိုးသူ
လက်ပံတန်း ကျောင်းသားသပိတ်တွင် ဖမ်းဆီးခံကျောင်းသားများ ပြန်လည်လွှတ်ပေးရန် အပါအဝင် အချက်လေးချက်ကို မတ် ၂၇ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ရန်ကုန်၊ မန္တလေးမြို့နှင့် အခြားသော နယ်မြို့များတွင် တစ်ပြိုင်နက် တောင်းဆိုဆန္ဒပြမည်ဟု ဆန္ဒပြအစီအစဉ်ကို ဦးဆောင်မည့်သူများက ဆိုသည်။
ယင်းဆန္ဒပြမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ်နှင့် လူငယ်အဖွဲ့အစည်းများ ဦးဆောင်၍ ဆန္ဒပြမည်ဖြစ်ပြီး ဆန္ဒပြချိန်တွင် အချက်လေးချက်အား ဆိုင်းပုဒ်ကိုင် လမ်းလျှောက်ဆန္ဒပြသွားမည်ဟု မတ်လ ၂၂ ရက်တွင် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာသည့် မရည်မွန်မွန်အောင်က မဇ္ဈိမသို့ပြောသည်။
“ ဒီဆန္ဒပြတာကို လူငယ်အဖွဲ့အစည်းတွေက ဦးဆောင်ပြီးတော့ လုပ်တာပါ။ ဒီဆန္ဒပြပွဲကို အထက်ကိုစာမတင်ဘူး။ ဒီလိုဘဲလုပ်လိုက်တယ်။ ညီမတို့ ဒီဆန္ဒပြပွဲမှာ ဆိုင်းပုဒ်ကိုင်ပြီး လမ်းလျှောက်ဖြစ်မယ်။ ဘယ်လိုလှုပ်ရှားမယ် ဆိုတာကတော့ မနက်မှဘဲ သိရမှာပါ” ဟု၎င်းကပြော သည်။
ရန်ကုန်မြို့တွင် နံနက် ၁၀ နာရီ ၁၀ မိနစ်၌ သိမ်ကြီးဈေးတွင် ဆန္ဒ ထုတ်ဖော်မည်ဖြစ်ပြီး မန္တလေးမြို့တွင် မြတောင်ကျောင်းတိုက်မှ စတင်ကာ ဆန္ဒပြမည်ဖြစ်သည်။ ထို့ပြင် အခြားသော နေရာများဖြစ်သည့် ထားဝယ်၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူ၊ လွိုင်ကော်၊ တောင်ကြီး၊ စစ်တွေ၊ တမူး၊ ကလေး၊ ပုသိမ် နှင့် မြောင်းမြမြို့တွင်လည်း အကြမ်းဖက် ဖမ်းဆီးခံ ကျောင်းသားပြည်သူများ ပြန်လည်လွတ်မြောက်ရေး အချက်လေးချက်ကို တစ်ပြိုင်နက်ဆန္ဒပြမည်ဖြစ်သည်။
ယင်းဆန္ဒပြပွဲတွင် တောင်းဆိုမည့်အချက်လေးချက်သည် ကျောင်းသားပြည်သူကိုအခြေခံသည့် ပညာရေး ဥပဒေ အမြန်ဆုံး ပေါ်ပေါက်လာရေး၊ မတရားဖမ်းဆီးထားသော သပိတ်မှောက် ကျောင်းသား၊ ပြည်သူများ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ အကြမ်းဖက်မှုအပေါ် ရှုံ့ချရေးနှင့် အကြမ်း ဖက်မှုတွင် တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူရေးတို့ကို တောင်းဆိုဆန္ဒ ပြမည်ဖြစ်သည်။
No comments:
Post a Comment