Tuesday, March 17, 2015

လက်ပတ်ဖြူလှုပ်ရှားမှု အထက်တန်းကျောင်းသား၊ ကျောင်းသူများပါ ပါဝင်လှုပ်ရှားမည်ဟုဆို

မိုးသူ

ဖမ်းဆီးခံရသော သပိတ်မှောက် ကျောင်းသားများအတွက် ပြုလုပ်နေသည့် လက်ပတ်ဖြူလှုပ်ရှားမှုကို မတ် ၁၉ ရက်၌ မြို့နယ် ၁၉ မြို့နယ်တစ်ပြိုင်နက် လှုပ်ရှားသွားမည်ဖြစ်ရာ ယင်းလှုပ်ရှားမှုတွင် အထက်တန်းကျောင်းသူ၊ ကျောင်းသားများ ပါဝင်လှုပ်ရှားမည်ဟု ဦးဆောင်သူ ကဗျာဆရာ မောင်ဆောင်းခက မဇ္ဈိမသို့ ပြောသည်။

“ ကျွန်တော် အခုလက်ရှိ လှုပ်ရှားမှုကို ခဏရပ်ထားတယ်။ အခုလက်ပတ်တွေ လုပ်ဖြစ်နေတယ်။ မတ် ၁၇ ရက်နေ့မှာ တစ်ကြိမ် ထပ်လုပ်မယ့်လို့ စိတ်ကူး ထားပေမယ့်၊ တစ်ခုခုဖြစ်သွားရင် ၁၉ ရက်နေ့ကို လက်လွှတ်လိုက်ရမှာစိုးလို့ မလုပ်ဖြစ်တော့ဘူး။ ၁၉ ရက်နေ့က ၁၀ တန်းစာမေးပွဲပြီးပြီဆိုတော့ ကျောင်းသူ ၊ ကျောင်းသားတွေလည်း ပါဝင်လှုပ်ရှားသွားမှာပါ” ဟု ၎င်းက ပြောသည်။

မတ်လ ၁၉ ရက်တွင် ပြုလုပ်မည့် လက်ပတ်ဖြူ လှုပ်ရှားမှုတွင် ရန်ကုန်မြို့၌ လက်ပတ်ဖြူ ၃၅၀၀ ခန့် ကုန်မည် ဟု ခန့်မှန်းထားပြီး အခြားသောမြို့နယ်များဖြစ်သည့် မန္တလေး၊ ဒိုက်ဦး၊ ကျောက်ပန်းတောင်း၊ ဘိုကလေး၊ ပြင်ဦးလွင်၊ ပျဉ်းမနား၊ ပုသိမ်၊ ကျောက်ဆည်၊ မကွေး၊ ပြည်၊ မြင်းခြံ၊ ထားဝယ်၊ ရေဖြူ၊ လောင်လုံး၊ သရက် ချောင်း၊ ပခုက္ကူ၊ ပေါင်၊ ရေစကြို၊ ပဲခူးစသည့်မြို့ နယ်တို့တွင် လက်ပတ်ဖြူ ၅၀၀ စီ ခန့်လုပ်ဆောင်မည်ဟု မောင်ဆောင်းခက ပြောသည်။

ယင်းလှုပ်ရှားမှုသည် ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးခဲ့သည့် ၂၇ နှစ်ပြည့် မတ်လ ၁၃ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် လူငယ်အင်အား ၂၀ကျော်ဖြင့် "We Are Students Respect Our Rights" ဟု ရေးသားထားသည့် အဖြူရောင် လက်ပတ်များကို လူစည်ကားရာ နေရာများတွင် စတင်လိုက်လံဝေငှခြင်း ဖြစ်သည်။

No comments: