Friday, March 27, 2015

နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ ဆက်ဆံရေးရုံး ဆောက်မည်ကို ဒေသခံ ၂၀၀ ကျော် ကန့်ကွက်

အောင်ကိုဦး

ခန္တီးမြို့တွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ၏ ဆက်ဆံရေးရုံး တည်ဆောက်မည်ကို ဒေသခံ ၂၂၄ ဦးက ကန့်ကွက်ကြောင်း လက်မှတ်များ ရေးထိုးပြီး မတ်လ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးမှူးတို့ထံ စာတင်လိုက်ပြီဖြစ်ကြောင်း ဒေသခံ ကိုအောင်ဆန်းမြင့် က မဇ္ဈိမကို ပြောသည်။

"တပ်ချတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံရေးရုံး လာဖွင့်မှာကို ကျွန်တော်တို့ ဒေသခံ အများစုက မလိုလားပါဘူး။ မြို့မိ မြို့ဖတွေက မလုပ်ဖို့ နှုတ်နဲ့တားတယ် မရဘူး။ ဒါကြောင့် တရားဝင် စာတင်ပြီး တားတာပါ"ဟု ၎င်းက ပြောသည်။

ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် နာဂ လက်နက်ကိုင်များ ဝင်ထွက်သွားလာနေခြင်းကြောင့် စိုးရိမ်နေ ကြပြီး ရွှေတူးဖော်နေသည့် လုပ်ကွက်များတွင်လည်း ဆက်ကြေးတောင်းမှုများ ရှိနေသည်ဟု ကိုအောင် ဆန်းမြင့်က ဆိုသည်။

မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးခင်မောင်လေးကလည်း "သူတို့ရှိနေမှာကို စိုးရိမ်တယ်။ ပြဿနာဖြစ်ပြီးဆို ဘယ်လိုဖြေရှင်းပေးမှာလဲ။ ဒီဘက်မှာက တရားဥပဒေဆိုတာ သိတဲ့အတိုင်းပဲ။ နောက်တစ်ချက်က နာဂတွေက ကျွန်တော်တို့ ခန္တီးကို သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲ ထည့်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့် ဆက်ဆံရေးရုံး ဆောက်ပြီး ခြေချလာမှာကို လက်မခံဘူး"ဟု ပြောသည်။

နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ မှ ခန္တီးတာဝန်ခံက "ဥပဒေနဲ့အညီ ဆက်ဆံရေးရုံး ဖွင့်တယ်။ လက်နက်ကိုင်တဲ့သူလည်း မရှိဘူး။ ဆက်ကြေး ကောက်တာလည်း မရှိဘူး။ လူလည်း အများကြီး မရှိဘူး။

ကျွန်တော်တို့ အနေနဲ့ကတော့ ဒေသခံတွေနဲ့ ပြေလည်ချင်တယ်"ဟု ပြောသည်။

ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ဆက်ဆံရေးရုံး တည်ဆောက်ရန် သတ်မှတ် စည်းကမ်းများ ရှိသည့်အတွက် အဆိုပါ စည်းကမ်းချက်များနှင့် ကိုက်ညီပါက ခွင့်ပြုပေးမည် ဖြစ်သော်လည်း အဆိုပါ ဆက်ဆံရေးရုံး တည်ဆောက်ရေးနှင့် ပတ်သက်ပြီး အထက်မှ ညွှန်ကြားချက် တစ်စုံတစ်ရာ ရရှိထားခြင်း မရှိသေးဟု ဆိုသည်။

နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီသည် ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်တွင် ငြိမ်းချမ်းရေး ယူခဲ့ခြင်းဖြစ်သည်။

No comments: