Sunday, March 22, 2015

ရှားပါး မြန်မာ့ရေးရာ စာပေများ လေ့လာနိုင်မည့် Burma Studies Centre ဖွင့်

ရင်စနိုင်း

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် စီးပွားရေးမြို့တော်မှာ နေထိုင်ကြသော စူးစမ်းလေ့လာချင်သူများအတွက် အထောက်အပံ့ ဖြစ်စေမည့် နေရာသစ်တခု ရှိလာပြီဖြစ်သည်။ မတ်လ ၁၈ ရက်နေ့က ဖွင့်လှစ်လိုက်သော Burma Studies Centre တွင် စာအုပ်အမြောက်အများ စုစည်းပေးထားသည့်အပြင် စာဖတ်ရန်၊ စာရေးရန်နှင့် သုတေသနပြုလုပ်ရန် နေရာများ ဖန်တီးပေးထားသည်။

Burma Studies Centre တွင် မြန်မာ့သမိုင်း၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စာအုပ်များ၊ စာရွက်စာတမ်းများကို လူတိုင်း လွတ်လပ်စွာ ဖတ်ရှုနိုင်သည်။ လာရောက်လေ့လာသူများ အင်တာနက် အသုံးပြုနိုင်ရန်အတွက် Wi-Fi လည်း အခမဲ့ အသုံးပြုခွင့် ပေးထားသည်။

တည်ထောင်သူများဖြစ်သည့် ကိုရဲမျိုးဟိန်းနှင့် မွိုင်ရာပိုရှိန် (Moira Po Shein) တို့က Burma Studies Centre သည် နောက်ဆုံးတွင် မော်ကွန်းတိုက်တခု၊ သင်ကြားရေးကျွမ်းကျင်သူများအတွက် နေရာတခုနှင့် ပညာရှင်များ ဆက်သွယ်ရန် နေရာတခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြသည်။

“ကျနော်တို့ စာအုပ်တွေနဲ့ လက်မှုပစ္စည်းတွေကို စုဆောင်းမယ်။ ဒါကို သုတေသန စာကြည့်တိုက်အဖြစ် ပြောင်းလဲမယ်။ မြန်မာ့ယဉ်ကျေးမှု လက်ရာပစ္စည်းတွေ၊ စာအုပ်စာပေတွေနဲ့ အနုပညာပစ္စည်းတွေ အများစုကို နိုင်ငံခြားမှာ စုဆောင်း ထားကြတယ်၊ ဒါမှမဟုတ် ဖျက်ဆီးခံလိုက်ရတယ်။ ကျနော်တို့က ဒါတွေကို ဒီမှာ စုဆောင်းပြီးတော့ လေ့လာချင်တဲ့သူတွေ လေ့လာလို့ရအောင် လုပ်ပေးချင်ပါတယ်” ဟု ကိုရဲမျိုးဟိန်းက Burma Studies Centre ဖွင့်ပွဲတွင် ဧရာဝတီသို့ ပြောကြားသည်။

ကိုရဲမျိုးဟိန်း နှင့် မွိုင်ရာပိုရှိန်တို့က မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ရှားပါး၍ ဈေးကြီးသော မြန်မာ့ စာပေလက်ရာများနှင့် စုဆောင်းနေခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီဟု သိရသည်။ သူတို့၏ စာအုပ်အများစုမှာ ၁၉၀၀ နှစ်များ အစောပိုင်းက စာအုပ်များဖြစ်သည်။

The Burma Studies Centre က ၁၉၂၀ နှစ်များအတွင်း ဂျေအက်စ် ဖာနီဗယ် (J.S. Furnivall) နှင့် ဂေါ်ဒွင် လုစ် (Gordon Luce) တို့ လက်ထက်က တည်ထောင်ခဲ့သော Burma Book Club ကို စံနမူနာအဖြစ် ထားရှိသည်ဟု ကိုရဲမျိုးဟိန်းက ပြောသည်။

“နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ကဏ္ဍတွေမှာ ပါဝင်လာတဲ့ ပညာတတ်လူငယ် အများအပြားဟာ အဲဒီ Burma Book Club က ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၀ နှစ်တွေ နောက်ပိုင်းမှာတော့ အားလုံးကို အစိုးရက ထိန်းချုပ်ခဲ့တယ်” ဟု သူကဆိုသည်။

ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် Burma Studies Centre က တကောင်း နိုင်ငံရေးသိပ္ပံ အင်စတီကျု (Tagaung Institute of Political Science) နှင့် ပူးပေါင်း၍ မြန်မာ့ အရေးကျွမ်းကျင်သူ ၀ါရင့်စာနယ်ဇင်းသမား တယောက်ဖြစ်သော ဘာတေးလ် လင့်တနာ (Bertil Lintner) ရေးသားသည့် “Myanmar 2015: The Ethnic Issue” (မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပြဿနာနှင့် ၂၀၁၅ အလားအလာ) အမည်ရှိစာအုပ်ကို အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

လာရောက်လေ့လာသူများ အတွက်ပြသထားသည့် တခြားစာအုပ်များထဲတွင် ဘင်နီဒစ် ရော်ဂျာ (Benedict Rogers) ၏ Burma: A Nation at the Crossroads, မောင်အောင်မျိုး (Maung Aung Myo) ၏ In the Name of Pauk-Phaw: Myanmar’s China Policy Since 1948 နှင့် ဒီ ဂျီ အီး ဟောလ် (D.G.E. Hall) ၏ A History of Southeast Asia စသည်တို့ ပါဝင်သည်။

“ကျမတို့က လူတွေအတွက် လေ့လာစရာ အရင်းအမြစ်တွေ ပေးချင်တယ်။ တကယ်လို့ လူတွေက မြန်မာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ချင်တယ်၊ သူတို့ရဲ့ သုတေသနတွေကို ဆွေးနွေးချင်တယ် ဆိုရင် ကျမတို့ စီစဉ်ပေးနိုင်ပါတယ်” ဟု မွိုင်ရာပိုရှိန်က ပြောသည်။

Burma Studies Centre သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ အနော်ရထာအိမ်ရာ၊ တိုက် (D)၊ အခန်း ၅၀၁ တွင် တည်ရှိသည်။ အင်္ဂါနေ့မှ တနင်္ဂနွေနေ့ အထိ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။

No comments: