ကျော်စိုးမိုး
ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် Father Land ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်ကို မတ် ၁၇ ရက်တွင် လိမ်လည်မှုဖြင့် ထပ်မံအမှုဖွင့်ပြီး တရားစွဲဆိုရန် တရားရုံးသို့ ပို့ထားပြီဖြစ်ကြောင်းဟု ဗိုလ်တထောင်မြို့နယ် တရားသူကြီးကပြောသည်။
"ဗိုလ်တထောင် ရဲစခန်းကနေ လိမ်လည်မှုနဲ့ တရားစွဲဆိုဖို့ ပို့ထားပါတယ်၊ မတ် ၃၀ ရက်ကို ရုံးချိန်းချိန်းဆိုထားပါတယ်" ဟု ၎င်းက ပြောသည်။
ထပ်မံတရားစွဲဆိုထားသည့် အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဇန်နဝါရီလအတွင်းက လှိုင်မြို့နယ် အတွင်း Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် ရှစ်ထပ် တိုက်အဆောက်အဦးတွင် အခန်းတစ်ခန်းကို ကျပ်သိန်း ၉၀၀ ဖြင့် ဝယ်ယူထားခဲ့သူက ကျပ် သိန်း၇၄၄ ပေးချေပြီးချိန်တွင် အဆိုပါ တိုက်ခန်းမှာ လိမ်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရှိခဲ့သည်။
အဆိုပါ ဦးကျော်မြင့်ရောင်းချထားသည့် တိုက်ခန်းမှာ မြေပိုင်ရှင်ပိုင်ဆိုင်သည့် အခန်းဖြစ်နေသည်ကို သိရှိခဲ့ခြင်းကြောင့် လိမ်လည်ရောင်းချမှုဖြင့် အရေးယူပေးရန် တာမွေမြို့နယ်တွင် နေထိုင်သည့် ဦးကျော်ဇော်ဝင်းကလည်း ဇန်နဝါရီ ၂၄ ရက် တွင် ဗိုလ်တထောင်မြို့မရဲစခန်းတွင် တရားလိုပြု တိုင်တန်းထားခြင်းဖြစ်သည်။
အဆိုပါအမှုကို ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၆၅/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၄၂၀ ဖြင့်မတ် ၁၇ ရက်တွင် တရားစွဲဆိုတင်ပို့ခဲ့ပြီး မတ်၃၀ ရက်တွင် တရားလိုကို စတင်စစ်ဆေးမည် ဖြစ်သည်။
ထို့ပြင် Father Land ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်နှင့် ဈေးကွက်ဒါရိုက်တာ ဦးဘိုဘိုထွန်းတို့ကို လိမ်လည်မှုဖြင့် မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ဒေါ်သူသူဝင့်ထက်က တရားလိုပြု တိုင်တန်းထားသည့် အမှုသည်လည်း ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ရှိနေသေးကြောင်း၊ အဆိုပါအမှုမှာ မတ် ၁၇ရက်တွင် တရားလိုမလာခြင်းကြောင့် စစ်ဆေးခြင်းမရှိဘဲ မတ် ၃၀ ရက်တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းပြန်လည်ချိန်းဆိုထားခြင်းဖြစ်သည်ဟု ဗိုလ်တထောင်မြို့နယ်တရားသူကြီးက ပြောသည်။
No comments:
Post a Comment